
ထီးချိုင့်မြို့နယ်မှာ ကျေးရွာပေါင်း ၂၁ ရွာအထိ မီးရှို့ခံထားရပြီး စစ်ကောင်စီက ဆက်လက်အကြမ်းဖက်နေတာကြောင့် စစ်ဘေးသင့် ပြည်သူ ၂ သောင်းဝန်းကျင် စားဝတ်နေရေး အခက်အခဲကြုံနေကြရပါတယ်။
ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တွေမှာလည်း နိုဝင်ဘာတလတည်းမှာ စုစုပေါင်း အိမ်ခြေ ၁၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံထားရပြီး ပြည်သူ ၂၆ ယောက် အသတ်ခံခဲ့ရပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ကို နိုဝင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁ ရက်နေ့ ညပိုင်းအထိ စစ်ကောင်စီက ၅ ရက်ဆက်တိုက် လေကြောင်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာပါ။
စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၉ ရက်နေ့အထိ ထီးချိုင့်နယ်ထဲမှာ အကြမ်းဖက်တာတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး မီးရှို့ခံရတဲ့ ကျေးရွာပေါင်း ၂၁ ရွာအထိ ရှိလာပါတယ်။
ထီးချိုင့်ဒေသခံတဦးက “မီးလောင်တဲ့ရွာကတော့ စုစုပေါင်း ၂၁ ရွာရှိပါတယ်ဗျ။ နိုဝင်ဘာ ၂၅ ရက်နေ့က စရှို့တာဗျ။ စစ်ကြောင်းစထိုးတာကတော့ နိုဝင်ဘာ ၂၃ ရက်နေ့က စထိုးတာဗျ။ မနေ့ကတုန်းကဆိုရင် ရေဝတို့ တောင်ကြီး တို့မှာ ရွာလုံးကျွတ်မီးရှို့ခံရတယ်။ ဒုက္ခသည်ပေါင်းကတော့ ၂ သောင်းလောက်ရှိသွားပြီထင်တယ်။ စပါးကျီထဲမှာထည့်ထားတဲ့ စပါးတွေဆို မသယ်ထုတ်နိုင်ဘူးလေ။ သူတို့မီးရှို့တော့ ပါသွားတာလေ။ စစ်ကောင်စီက သူတို့မှာ လူသားချင်းစာနာတဲ့ စိတ်မရှိဘူးလေဗျာ။ မရှိလို့လည်း အကြောင်းမဲ့ ကျေးရွာတွေကို ဝင်မီးရှို့ဖျက်ဆီး ဒီလိုလုပ်တာပေါ့။ အဓိက က သူတို့မှာ စာနာစိတ်ကင်းမဲ့တာပေါ့။ ပြည်သူလူထုက ဘာမှလုပ်တာမဟုတ်ဘူး။ အေးအေးချမ်းချမ်းနဲ့ ရှာဖွေစားသောက် စုဆောင်းထားတာတွေလေ။ သူတို့က သိတဲ့အတိုင်း ရွာတရွာဝင်ပြီဆိုရင် ရိက္ခာမပါဘူးလေ။ ရွာမှာရှိတဲ့ ပစ္စည်းတွေနဲ့ပဲ ရိက္ခာဖြည့်တင်းတာကိုဗျ" လို့ ပြောပါတယ်။
စစ်ကိုင်း-မြစ်ကြီးနားလမ်းပိုင်းမှာတည်ရှိတဲ့ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်တွေမှာလည်း စစ်ကောင်စီက စစ်ကြောင်း ၄ ခု၊ ၅ ခုခွဲပြီး ထိုးစစ်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာတလတည်းမှာ ကန့်ဘလူနဲ့ ကျွန်းလှ ၂ မြို့နယ်အတွင်းမှာ စစ်ကောင်စီက အိမ်ခြေ ၁၀၀၀ နီးပါးမီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ကျွန်းလှဒေသခံနိုင်ငံရေးသမားတဦးက "နိုဝင်ဘာလ တလတည်းမှာကိုပဲ ကန့်ဘလူနယ်ထဲမှာ အိမ်ခြေပေါင်း ၈၉၅ လုံး။ ကျွန်းလှမှာဆိုရင် အိမ်ခြေပေါင်း ၉၀ ကျော်။ ဒါ နိုဝင်ဘာလတခုတည်းစာရင်းပေါ့။ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်သွားတာက ကန့်ဘလူမြို့နယ်မှာ ၂၅ ဦးရှိတယ်။ ကျွန်းလှမှာ ၁ ဦးရှိတယ်။ နွေဦးတော်လှန်ရေး စကတည်းကဆိုရင် ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တွေထဲက မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေပေါင်း ၂ ထောင်ကျော်သွားပြီ။ ကျေးရွာပေါင်းကလည်း ၄၀ နီးပါးအထိ သူတို့ မီးရှို့ဖျက်ဆီးခဲ့တဲ့ အခြေအနေမှာရှိတာပေါ့။ လက်ရှိ ဒီဇင်ဘာလထဲမှာကိုပဲ စစ်ကောင်စီဘက်က အကြမ်းဖက်ပြီးတော့ မီးရှို့တာတွေက ဆက်တိုက်လုပ်ဆောင်နေတယ်ပေါ့။ ကျွန်းလှမြို့နယ်က အင်းဒိုင်းကျေးရွာတို့ ကန့်ဘလူနယ်ထဲမှာလည်း အင်ဒိုင်းကျေးရွာဆိုတာရှိတယ်။ အဲ့ဒီရွာတွေကို ဆက်ပြီးတော့ မီးရှို့တာတွေရှိတယ်။ နောက်ပြီးတော့ ကန့်ဘလူနယ်ထဲက ချောင်းဖျားကျေးရွာ၊ တနေ့က ဝက်သအင်းကျေးရွာကို မီးရှို့ဖျက်ဆီးသွားတာတွေရှိတယ်။ ဝက်သအင်းဆိုရင် အိမ်ခြေ ၇၀ လောက်ရှိတာ ၇၄ လုံး မီးရှို့ခံရတယ်ပေါ့။ မြေပြင်မှာလည်း စစ်ကြောင်း လေးငါးခုခွဲပြီးတော့ ရွာတွေထဲကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ပြီး ဝင်တာတွေရှိတယ်။ လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်တာမို့လို့ ပြီးခဲ့တဲ့ကာလတွေမှာ အပြစ်မဲ့ပြည်သူတွေ သေဆုံးတာတွေရှိခဲ့တယ်ခင်ဗျ" လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ကြောင့် စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက် မီးရှို့ဖျက်ဆီးမှုတွေကို အချိန်နဲ့တပြေးညီ သတင်းမှတ်တမ်းယူဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်းနဲ့ ဆက်သွယ်ရေး အမှောင်ချခံထားရတဲ့ စစ်ကိုင်းတိုင်း မြို့ရွာတွေမှာ စစ်ကောင်စီရဲ့ လူမသိသူမသိ အကြမ်းဖက်လုပ်ရပ်တွေ အများကြီးရှိနေနိုင်သေးတဲ့ အခြေအနေလည်းဖြစ်ပါတယ်။