DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်က ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သတ်မှုများ ဆက်ကျင့်သုံးနေ
DVB
·
April 24, 2026
Photo: POEA
Photo: POEA
Donate to DVB

အသွင်ပြောင်း စစ်အာဏာရှင်အစိုးရက ပြည်ပထွက် အလုပ်လုပ်ခွင့်နဲ့ပတ်သက်ပြီး တင်းကျပ်ထား တဲ့ မူဝါဒတွေကို ဖြေလျှော့ပေးတာ မရှိတဲ့အတွက် အခက်အခဲ ဆက်ကြုံနေရတယ်လို့ အေဂျင်စီနဲ့ ပြည်ပထွက်ဖို့ ကြိုးစားနေတဲ့ အလုပ်သမားတွေက ပြောပါတယ်။

စစ်အာဏာသိမ်းကာလ ပထမ ၅ နှစ်မှာ ပြည်ပထွက် အလုပ်လုပ်ခွင့်နဲ့ ပတ်သက်လို့ ဘက်ပေါင်းစုံ တင်းကျပ်ခဲ့တဲ့အတွက် အခက်တွေ့ခဲ့ရကြပြီး အသွင်ပြောင်း စစ်အာဏာရှင်အစိုးရဆီက မူဝါဒ ဖြေလျှော့မှုရရှိဖို့ မျှော်လင့်ထားသူတချို့ ရှိခဲ့တာ ဖြစ်ပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ ဒါရိုက်တာအဖွဲ့ဝင်တယောက်က “အခုအနေအထားအရဆိုရင် အပြောင်းအလဲ ဖြစ်လာဖို့ဆိုတာ သိပ်မျှော်လင့်လို့မရဘူး။ အခင်းအကျင်းက အရင်ပုံစံအတိုင်း လုပ်ထားတာဆိုတော့ ဒီအတိုင်းဆက်သွားဖို့ ရည်ရွယ်ထားပုံရတယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပထမ ၅ နှစ်မှာ အလုပ်သမား ပြည်ထောင်စုဝန်ကြီးတွေကို ရုပ်ပြသက်သက်ပဲ နေရာပေးထားပြီး အဓိကလုပ်ပိုင်ခွင့်အတွက် အလုပ်သမားဝန်ကြီးဌာနမှာ ဌာနအကြီးအကဲလုပ်ခဲ့သူ ဒုဝန်ကြီးကို အာဏာကုန်ပေးခဲ့တာ ဖြစ်ပါတယ်။

ပထမ ၅ နှစ်တာမှာ အလုပ်သမားဝန်ကြီးဌာနရဲ့ ဌာနခွဲတွေမှာ ကာလရှည်လုပ်ခဲ့ပြီး အလုပ်သမားရေးရာကိစ္စတွေ နှံ့စပ် အကျွမ်းတဝင်ရှိထားတဲ့ ဦးဝင်းရှိန်ကို ဒုဝန်ကြီးတာဝန် ပေးအပ် ခဲ့ပြီး အခုအခင်းအကျင်းမှာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ အတွင်းဝန် အဖြစ် လုပ်ကိုင်ခဲ့သူ ဦးမောင်မောင်သန်းကို အစားထိုး နေရာပေးခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာရှင်သမ္မတ အနေနဲ့ အလုပ်သမားဝန်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီး တာဝန်ယူခဲ့သူ တွေကို ကျော်ပြီး နယ်ပယ်နီးစပ်မှုမရှိတဲ့ ဦးသိန်းစိန်လက်ထက်က လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးကို ရွေးချယ်ခဲ့တာကြောင့် ဒုဝန်ကြီးကပဲ စီမံလုပ်ပိုင်ခွင့်ရမဲ့ အနေအထား ဖြစ်နေတယ်လို့ စောင့်ကြည့် လေ့လာသူတွေက မှတ်ချက်ပြုပါတယ်။

ပြည်တွင်း၊ ပြည်ပ အလုပ်သမားအရေး ကူညီပေးနေသူတယောက်က “အခု ဒုဝန်ကြီးက အရင်လူ ထက် ပျော့ပျောင်းပုံရပေမဲ့ မင်းအောင်လှိုင် ဖြစ်ချင်တဲ့အတိုင်းပဲ သွားမှာ” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်က သင်္ကြန်မတိုင်ခင် သမ္မတနေရာ ဖန်တီးလုပ်ယူပြီး အသွင်ပြောင်း စစ်အာဏာရှင် အစိုးရဖွဲ့ကာ ဧပြီ ၂၀ ရက်မှာ ရက် ၁၀၀ အတွင်း ဦးစားပေးဆောင်ရွက်မဲ့ လုပ်ငန်းစဥ်တွေ ပြောဆို ခဲ့ပါတယ်။

အဲဒီ ဦးစားပေးလုပ်ငန်းစဥ်တွေထဲမှာ ပြည်တွင်း၊ ပြည်ပ အလုပ်သမားအရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ကိစ္စရပ်တွေ မပါဝင်ခဲ့တာကြောင့် ဖြေလျှော့မှုရနိုင်ဖို့ မျှော်လင့်ချက်နည်းတယ်ဆိုတဲ့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

စစ်အုပ်စုက အာဏာသိမ်းကာလ ပထမ ၅ နှစ်မကုန်ခင်မှာ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့်ပိတ်တာ၊ အေဂျင်စီတွေက စေလွှတ်ရမဲ့ အလုပ်သမားဦးရေကို ကန့်သတ်တာ၊ ခွင့်ပြန်နဲ့ ကျွမ်းကျင်လုပ်သားအဖြစ် ပြည်ပထွက်မဲ့သူတွေကို ထွက်ခွာခွင့်ကျမှ ထွက်ခွင့်ပေးတာ စတဲ့ကန့်သတ်ထိန်းချုပ်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားငွေရဖို့အတွက် ပြည်ပရောက် အလုပ်သမားတွေ လစာရဲ့ ၂ ရာခိုင်နှုန်းကို ဝင်ငွေခွန် ပေးဆောင်စေသလို မိသားစုဆီ လစာရဲ့ ၂၅ ရာခိုင်နှုန်း တရားဝင် လွှဲပို့ရမယ်ဆိုတဲ့ ဖိအားပေး စေခိုင်းမှုတွေလည်း ရှိပါတယ်။

ညွှန်ကြားတဲ့အတိုင်း မလိုက်နာရင် နိုင်ငံကူးလက်မှတ် သက်တမ်းမတိုးပေးတာ၊ နောက်တကြိမ် ပြည်ပထွက် အလုပ်လုပ်ခွင့်မပေးဘဲ Black List သွင်း အရေးယူသွားမယ်ဆိုတဲ့ အကျပ်ကိုင်မှုတွေ လုပ်ထားတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013