Home
မြန်မာသတင်း
နွေဦးကျန်းမာဆေးရုံအတွက် CDM အထူးကုဆရာဝန်၊ သူနာပြုများ ခေါ်ယူ
DVB
·
December 11, 2022

တော်လှန်နယ်မြေတနေရာမှာ ဖွင့်လှစ်ထားတဲ့ “နွေဦးကျန်းမာ” ဆေးရုံမှာ အတူတကွ လက်တွဲ လုပ်ဆောင်နိုင်မယ့် CDM အထူးကုဆရာဝန်တွေနဲ့ သူနာပြုဝန်ထမ်းတွေကို ခေါ်ယူနေပါတယ်။

ဒီဆေးရုံကိုတော့ ဆေးတက္ကသိုလ် ၂၊ ရန်ကုန် ကျောင်းသားကော်မတီက ဦးဆောင်ကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တုန်းက စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေနဲ့ ဦးစီးဖွင့်လှစ်လိုက်တာဖြစ်ပြီး အတွင်းလူနာဌာန၊ ကလေးကုသဆောင်၊ ခွဲစိတ်ခန်းနဲ့ လူနာ သယ်ယူပို့ဆောင်ရေးစနစ်တွေကို ပြင်ဆင်နေကာ လိုအပ်တဲ့ ဆေးဝါးနဲ့ စက်ပစ္စည်းတွေကိုလည်း တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

လတ်တလော လိုအပ်နေတဲ့ ကျန်းမာရေးပညာရှင်တွေ ခေါ်ယူမှုမှာတော့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ အရိုးခွဲစိတ် အထူးကုဆရာဝန် ၁ ယောက်၊ အထွေထွေခွဲစိတ်ဆရာဝန် ၁ ယောက်၊ မေ့ဆေး အထူးကုဆရာဝန် ၁ ယောက်၊ သမားတော် ၁ ယောက်၊ အထက်တန်းသူနာပြု ၂ ယောက်နဲ့ သူနာပြု ၃ ယောက် ခေါ်ယူထားပြီး သက်ဆိုင်ရာ အထူးကုဘာသာရပ်အသီးသီးအတွက် ဘွဲ့လွန်သင် တန်းတက်ရောက်နေကြတဲ့ CDM ဆရာဝန်တွေပါ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

တာဝန်လာရောက်ထမ်းဆောင်ကြမယ့် ကျန်းမာရေးပညာရှင်တွေအတွက် နေထိုင်ရေးနဲ့ စားသောက်ရေး၊ လုံခြုံရေးနဲ့ လစဉ်ဂုဏ်ပြုချီးမြှင့်ငွေတွေကိုပါ “နွေဦးကျန်းမာ” ဆေးရုံကနေ တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အတူတကွ လက်တွဲဆောင်ရွက်လိုပါက ဆေးတက္ကသိုလ် ၂၊ ရန်ကုန်ကျောင်းသားကော်မတီဖေ့စ်ဘွတ်ခ် စာမျက်မှာကတဆင့် ဒါမှမဟုတ် အီးမေးလ်လိပ်စာ [email protected] တွေဆီ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဆေးရုံကို အဆင့်မြှင့်တင်ပြီးရင်တော့ ကျေးရွာပေါင်း ၃၀ ကျော်နဲ့ လူဦးရေ ၁၅၀၀၀ ကျော်ထိ ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံနိုင်မှာဖြစ်ပြီး ဆေးရုံရဲ့ အထွေထွေ လိုအပ်ချက်တွေအတွက် လှူဒါန်းလိုပါကလည်း ဆက်သွယ်လှူဒါန်းနိုင်မယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၁ နှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက် ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာစတဲ့ အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ဆရာဝန်၊ သူနာပြုစတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေ ကို လက်နက် အားကိုးဖြိုခွင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024