Home
မြန်မာသတင်း
ကျောင်းတက်နေသူများအား လူမှုကွန်ရက်တွင် ဆဲဆိုမှုဖြင့် ရွှေပေါက္ကံမြို့သစ်က လူငယ်တဦး ဖမ်းဆီးခံရ
DVB
·
December 11, 2022

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်မှာ အသက် ၂၂ အရွယ် လူငယ် တယောက်ကို လူမှုကွန်ရက်မှာ ကျောင်းတက်သူတွေကို ဆဲဆိုသဖြင့် စစ်တပ်က  ဒီဇင်ဘာ ၉ ရက်မှာ ဖမ်းသွားတယ်လို့  ၁၂ ရပ်ကွက် အုပ်ချုပ်ရေးနဲ့ နီးစပ်သူ တဦးက  ပြောပါတယ်။ 

ဖမ်းဆီးခံရသူ နိုင်လင်းဦးဟာ ကိုဗစ်ကာလ ကျောင်းပိတ်ကတည်းက တက္ကသိုလ်ဆက် မတက်ဘဲ မိသားစုပိုင်  ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းမှာ ကူညီ‌လုပ်ကိုင်နေပေမဲ့ ကျောင်းတက်သူတွေကို ဆဲဆိုတာကြောင့် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ 

၁၂ ရပ်ကွက် အုပ်ချုပ်ရေးနဲ့ နီးစပ်သူက " သူ အဖမ်းမခံရသေးခင်က သူ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ တင်ထားတာကြောင့်လို့ ပြောတယ်။  ဒဂုံမှာ တက်နေတဲ့ သူ့သူငယ်ချင်းတွေ ကျောင်းသွား တက်တာကို ဆဲလို့ စစ်တပ်ကို တိုင်လိုက်တာ။ ကောင်လေးက ရုံးမှာ လာဖြေရှင်းတယ်။ ဒါနဲ့ ရုံးကနေ ထွေ/အုပ်မှာ သွားရှင်းပြတော့ စစ်စရာကျန်သေးလို့ ဆိုပြီး ဖုန်းနဲ့  ကောင်လေးကို တခါတည်း ခေါ်ထားလိုက်တာ။ အကိုတို့ကို ပြန်လွတ်လိုက်တယ်။"လို့ ဆိုပါတယ်။ 

ကျောင်းတက်နေသူ သူငယ်ချင်း နှစ်ယောက်ကို ဆဲဆိုတဲ့စာ ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့ရာမှ ဟန်ငြိမ်းဦးချန်နယ်မှာ ဖမ်းဆီးဖို့ ဓာတ်ပုံ၊ လိပ်စာနဲ့တကွ  အတင်ခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီ ဘက်က လာမဖမ်းဆီးခင် အဖေဖြစ်သူနဲ့ ရုံးမှာ သွားရောက်ဖြေရှင်းရာမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ ရတာလို့ သိရပါတယ်။

အဆိုပါရဲစခန်းနဲ့ နီးစပ်သူက "၉ ရက် နေ့လယ်ကတည်းက  ကွပ်ကဲရေးရုံးကို စာရင်းရောက်နေ တာ။ အဲဒီနေ့ မွန်းလွဲ ၂ နာရီလောက်ရောက်တော့  ကောင်လေးရယ်၊ သူ့အဖေရယ်၊ ၁၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရယ် လာပြီး ကောင်လေးအဖေက သူ့သားက PDF မဟုတ်ပါဘူးလို့ လာထွက်ဆိုတာ။ ဒါနဲ့ ကောင်လေးကို သီးသန့်အခန်းထဲ ထည့်ပြီး စစ်နေတာပါ။ စခန်းက စစ်ချက်ပြီးရင် စရဖ ဘက်က လာစစ်မယ်။ လောလောဆယ်တော့ ၅၀၅ နဲ့ စာတင်ထားတယ်။ စရဖ လာစစ်လို့ အဆင်ပြေရင် ပြန်လွှတ်မှာပါ။" လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် နိုင်လင်းဦးကို ရွှေပေါက္ကံရဲစခန်းမှာ စစ်ဆေးနေတာဖြစ်ပြီး မိသားစုနဲ့ တွေ့ခွင့်မရဘူးလို့  သိရပါတယ်။

မိသားစုနဲ့ နီးစပ်သူ တဦးက  “သူက ၂၀၂၀  ကျောင်းတွေ ပိတ်ကတည်းက ကျောင်းမတက်တော့ တာ။ တက္ကသိုလ်က သူ့သူငယ်ချင်းတွေကို စရင်း နောက်ရင်း ခင်လို့ ဆဲမိတဲ့ သဘောပါ။ အဲဒါကို  တိုင်ခံရတာ။ NUG ပရိုဖိုင်လည်း တင်ခဲ့တာ ဆိုပေမဲ့ အာဏာသိမ်းခါစတုန်းက ကိစ္စဆိုတော့ ကြာပါပြီ။ အိမ်အလုပ်ပဲ   ဝိုင်းလုပ်ပေးနေတာ။ အခုလို အတိုင်ခံရတော့ လိုက်ဖြေရှင်းနေပါတယ်" လို့ ပြောပါတယ်။ 

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေ NUG ပရိုဖိုင်ထားသူ၊ PDF ထောက်ပို့သူ၊ CDM ‌ဝင်ထားသူတွေနဲ့ စစ်အာဏာဆန့်ကျင်သူတွေကို ပစ်မှတ်ထားကာ နာမည်၊ ပုံ၊ လိပ်စာနဲ့ တကွ ဖမ်းဆီးခိုင်းနေတာဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေအနေနဲ့ ပရိုဖိုင်ကို lock ချတာ၊ လိပ်စာ၊ ဖုန်းနံပါတ်၊ ရင်းနှီးတဲ့ သူငယ်ချင်း၊ မိသားစုဝင်ပုံတွေ Public မတင်မိ‌စေဖို့ နည်းပညာ ကျွမ်းကျင်သူတချို့က  တိုက်တွန်း ထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024