Home
မြန်မာသတင်း
လူ့အခွင့်အရေးချိုးဖောက်သည့် စစ်ကောင်စီကို အရေးယူမှု မထိရောက်သဖြင့် ပြည်သူများ ပိုဒုက္ခ ရောက်နေရဟု KNU ပြော
DVB
·
December 11, 2022

စစ်ကောင်စီက အကြောင်းပြချက်အမျိုးမျိုးနဲ့ လူအခွင့်အရေးချိုးဖောက်နေတာကို နိုင်ငံတကာရဲ့ အရေးယူမှု လက်တွေ့မြေပြင်မှာ ထိရောက်မှုမရှိတဲ့အတွက် ပြည်သူတွေ ပိုဒုက္ခရောက်နေတယ်လို့ ကေအန်ယူ ဗဟိုကော်မတီဝင်တဦးက ပြောပါတယ်။

ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မယ်ဝါးကလိုးကျေးရွာ၊ ကရင်လူငယ်အစည်းအရုံး (KYO) (ဗဟို) ခန်းမမှာ ကရင်အမျိုးအသားအစည်းအရုံး (KNU) က ဒီဇင်ဘာ ၁၀ ရက် မနက် ၉ နာရီက ကျင်းပတဲ့ ၇၄ နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ (International Human Rights Day) အခမ်းအနားအပြီး ဒီဗွီဘီကို ပြောပါတယ်။

KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက ”ကျနော်တို့မှာ ဒီကနေ့ကာလ လူအခွင့်အရေးတွေ အများကြီးလိုနေတယ်လေ။ စစ်ကောင်စီက လူတွေကို အမျိုးမျိုးနှိပ်စက် ဥပဒေမဲ့ အကြေင်းပြချက်အမျိုးမျိုးနဲ့သတ်တာ၊ ထောင်ချတာ၊ ညှဉ်းဆဲတာတို့ လုပ်တဲ့အပြင် အိမ်တွေရွာတွေကို မီးရှို့တာတွေရှိတယ်။ လူထုတွေ ကမ်းကုန်အောင် ဒုက္ခရောက်နေကျတယ်။”

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာက အရေးယူမှုတွေလုပ်ဆောင်ရာမှာ လက်တွေ့မြေပြင်မှာ ထိရောက်မှုမရှိသလို ပြောတဲ့သူကပြော တားတဲ့သူကတားနေပေမယ့် စစ်ကောင်စီက လုပ်ချင်တာတွေလုပ်နေတဲ့အတွက် ထိထိရောက်ရောက်အရေးယူမှရမှာလို့ ဆိုပါတယ်။

အခမ်းအနားကို တက်ရောက်လာသူတွေ လူ့အခွင့်အရေးအကြောင်း သိရှိစေဖို့နဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကြောင့် ပြည်သူတွေဒုက္ခရောက်နေရတာတွေ နိုင်ငံတကာနဲ့ စစ်ကောင်စီပါ သိရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစတင် အာဏာသိမ်းပြီးနောက်ပိုင်း KNU ကော်သူးလေထိန်းချုပ်နယ်မြေတွေအတွင်း ကရင်ပြည်သူလူထုတွေအပေါ် လူ့အခွင့် အရေးချိုးဖောက်မှုမှတ်တမ်း ဗွီဒီယိုတွေကို အခမ်းအနားမှာ ပြသခဲ့ပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံးက ထုတ်ဝေမယ့် လူ့အခွင့်အရေးအစီရင်ခံစာ စာအုပ်နဲ့ထုတ်ဝေရတဲ့ ရည်ရွယ်ချက်တွေကို ရှင်းပြခဲ့သလို လူ့အခွင့်အရေးသီချင်းကို မျိုးဆက်သစ်ကျောင်းသား/သူတွေက ဂုဏ်ပြုသီချင်းသီဆိုခဲ့ပါတယ်။

အခမ်းအနားကို ကရင်အမျိုးအသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင်တွေ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂)၊ စစ်ဘက်အကြီးအကဲတွေ၊ ကရင်လူငယ်အစည်းအရုံး (KYO) က လူငယ်တွေ၊ မျိုးဆက်သစ် ကျောင်းသား ကျောင်းသူတွေနဲ့ ဒေသခံကျေးရွာက စိတ်ပါဝင်စားသူတွေ တက်ရောက်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024