
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ယာဉ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နေရာ ၄ ခုခွဲပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ အရာရှိ တယောက်သေဆုံးကာ ထိခိုက်သေဆုံးသူ များပြားတယ်လို့ မြိုင် ပ.က.ဖ က သိရပါတယ်။
စက်မှု(၂)ကနေ ထွက်လာတဲ့ ယာဥ်တန်းကို မနေ့မနက် ၆ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းပွိုင့် ၂ ပွိုင့်နဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးသူရှိနိုင်ပေမဲ့ အတိအကျမသိရသေးဘူးလို့ မြိုင် ပ.က.ဖ တပ်ရင်း(၁)တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
စက်မှု(၂)နဲ့သရက်ကန်ရွာပျူစခန်းကြားမှာလည်း မနေ့ မနက် ၉ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကား ၃ စီးကို မိုင်းပွိုင့် ၆ ပွိုင့်နဲ့ တိုက်ခိုက်ခဲ့လို့ ကားတစီးထိခိုက်ပျက်စီးကာ စစ်ဗိုလ်တယောက်သေဆုံးပြီး ၃ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ကိုင်းတောရဲစခန်းနားက စက်ရေတွင်းကို လုံခြုံရေးယူထားတဲ့ စစ်သား ၅ ယောက်ကို မနက် ၁၀ နာရီလောက်မှာ ခရီးသည်တင်ကားတွေဆီက ဆက်ကြေးကောက်ဖို့ ဆုံကုန်းတံတားထိပ်သို့ ထွက်လာချိန် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရှေထွက်မိုင်း ၅ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၂ ယောက်ပွဲချင်းပြီး သေဆုံးကာ ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး တယောက်ကတော့ လွတ်မြောက်သွားသလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်အောင်ကြိုးပမ်းခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မသိမ်းဆည်းနိုင်ခဲ့ဘူးလို့ ဗိုလ်လက်ယာက ဆိုပါတယ်။
ဒါ့အပြင် တွင်းမရွာ ပျူစခန်းနဲ့ သရက်ကန်ရွာ ပျူစခန်းကြားမှာ မနက် ၁၁ နာရီလောက်က စစ်ကောင်စီယာဥ်တန်းကို မိုင်းပွိုင့် ၁ ပွိုင့်နဲ့ တိုက်ခိုက်ခဲ့ပြီး ကင်းပုန်းလာဝပ်တဲ့ ပျူစောထီးတွေကို လက်လုပ် လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ အီနာဂါဗုံးသီးတွေချပြီး တိုက်ခိုက်ခဲ့လို့ သေဆုံးဒဏ်ရာ ရသူများပြားနိုင်တယ်လို့ ဗိုလ်လက်ယာကပြောပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်း မထုတ်ပြန်သေးသလို စစ်ကောင်စီ တပ်တွေ ထိခိုက်သေဆုံးမှု အရေအတွက်နဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။