Home
မြန်မာသတင်း
ပေါက်တောင်ပိုင်း ရွာ ၇ ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ အမျိုးသမီးတဦးကို ပစ်သတ်
DVB
·
December 10, 2022

မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းမှာ ဒီဇင်ဘာ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကျေးရွာ ၇ ရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသမီးတယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့ကာ ပြည်သူအချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့နယ် ကျားတိုက်ကျေးရွာကို ဒီဇင်ဘာ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဒလကြမ်းပစ်ခတ်ဝင်လာတာကြောင့် ရွားသားတွေအားလုံး ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ကျားတိုက်ကျေးရွာနေ စစ်ဘေးရှောင်ပြည်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရွာသား ၂ ယောက်ကတော့ ကျန်နေခဲ့ပြီး ရှာမတွေ့ဘူးဗျ။ ကျန်ခဲ့တဲ့သူ ၂ ယောက်ကတော့ အသက် ၂၇ နှစ်အရွယ် ကိုမျိုးသူနဲ့ အသက် ၄၅ နှစ်အရွယ် ဦးအောင်စိုးတို့ ဖြစ်တယ်။” 

အိမ်ခြေ ၁၀၅ အိမ်လောက်ရှိတဲ့ ကျားတိုက်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့်  အိမ်ခြေ ၅၀ လောက် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်တဲ့ အချိန်မှာလည်း လမ်းတဝက်လောက်မှာ မူးမေ့လဲတာတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို ထမ်းခေါ်ရတာတွေ၊ ချောင်းတွေကို ဖြတ်ကူးရပြီး ကျေးရွာတွေကို အဆင့်ဆင့် ဖြတ်ကျော်ခဲ့ရတယ်လို့ ပြောပါတယ်။

စားရေးသောက်ရေး၊ အဝတ်အစား၊ စောင်၊ ခေါင်းအုံးတွေလိုအပ်နေပြီး ဖြစ်သလို နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

“အိမ်တအိမ်ဖြစ်မြောက်ဖို့က ၁၀ နှစ်၊ ၉နှစ် စုဆောင်းပြီးတော့မှ ဆောက်ခဲ့ကြရတာ။ တောထဲကတဲတိုက်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြသလို ခင်တန်းရှည်ရွာက ပြည်သူ ၃ ယောက်ကိုလည်း ဖမ်းမိသွားတယ် ကြားတယ်” လို့ ကျားတိုက်ကျေးရွာက စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့ မနက် ၇ နာရီကျော်လောက်ကလည်း သရဖီကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် ရွာသားတွေအားလုံး ဘေးလွတ်ရာတောထဲ ထွက်ပြေးခဲ့ရတယ်လို့ သရဖီရွာ စစ်ဘေးရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်က တောထဲအထိ သေနတ်တွေနဲ့ လိုက်လံပစ်ခတ်တာကြောင့် အသက် ၄၈ နှစ်အရွယ် ဒေါ်တင်တင်နု သေနတ်ကျည်ထိမှန် သေဆုံးခဲ့ပြီး ပိုက်ဆံ ၁ သိန်းကျော်နဲ့ မှတ်ပုံတင်တွေကို ယူသွားကြတယ်လို့ ဆိုပါတယ်။

မီးရှို့ဖျက်ဆီးခံရတာကြောင့် အိမ်ခြေ ၂၆၀ ရှိတဲ့အနက် ၅၄ အိမ်ဆုံးရှုံးခဲ့သလို တောထဲက စစ်ဘေးရှောင်တဲ အလုံး ၂၀ လောက်၊ ထော်လာဂျီတွေ၊ ကားတွေနဲ့ စားနက်ရိက္ခာကုန်ပစ္စည်းတွေအားလုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။

“ကျမတို့မှာ ကလေးတွေတပြုံကြီးနဲ့ ထွက်ပြေးရတော့ ခြုံစောင်မပါ ဘာမပါနဲ့နေခဲ့ရပြီး လမ်းခရီးမှာလည်း ထမင်းငတ်ခဲ့ရတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကတော့ စစ်ကောင်စီစစ်ကြောင်း အခြေနေကို အချိန်မီ သတင်းပေးပို့ခဲ့ပြီး လက်နက်ချင်းမမျှလို့ သူတို့လည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်” လို့ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။

လတ်တလောအခြေနေမှာတော့ တောထဲတွေမှာပဲ ဖြစ်သလို နေနေကြရပြီး နေအိမ်မီးထဲပါသွားတဲ့ သူတွေကတော့ မီးမလောင်တဲ့ နေအိမ်တွေက ကျွေးမွေးတာတွေကို ဝေငှပြီး စားသောက်နေကြရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကျားတိုက်၊ ရွာတန်းရှည်၊ ရေရင်၊ ပန်းတော်ကန်၊ သရဖီ၊ လယ်လန်းနဲ့ ရွာသာအေးကျေးရွာတွေကို မီးရှုံ့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၅၀၀ လောက်မီးလောင်ဆုံးရှုံးခဲ့ ပြီး အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ လယ်လန်ကျေးရွာကတော့  ရွာလုံးကျွတ် မီးလောင်ဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ပေါက်မြို့နယ် မြောက်ပိုင်းကို နိုဝင်ဘာ ၁၉ ရက်နေ့နဲ့ တောင်ပိုင်းကို ဒီဇင်ဘာ ၇ ရက်ကနေ ၉ ရက်နေ့အထိ စစ်ကြောင်ထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကျေးရွာ ၁၇ ရွာက အိမ်ခြေ ၁၅၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံ ပြည်သူ ၁၆၀၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024