
စစ်ကိုင်းတိုင်း တမူးမြို့က ဈေးတန်း ၁ ရပ်ကွက်၊ ဈေးတန်း ၅ ရပ်ကွက်၊ စော်ဘွား ၈ ရပ်ကွက်၊ ဈေးတန်း ၁၂ ရပ်ကွက်နေ ဒေသခံ ၆ ယောက်ကို ဒီဇင်ဘာ ၈ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ကိုအောင်ချမ်းသူ၊ ကိုနန္ဒထူးအောင်၊ ကိုဝင်းထွဋ်အောင်၊ ဦးကျော်ဆန်းလင်း၊ မတင်တင်လှနဲ့ မတင့်တင့်လှိုင်တို့ဟာ CDM Support Team အဖွဲ့တွင် ပါဝင်ခဲ့ပြီး ထောက်ပံငွေ ထည့်ဝင်ခဲ့တဲ့အပြင် PDF လုပ်ရပ်တွေကို မထောက်ခံသူတွေရဲ့ ဆန္ဒပြတဲ့အပေါ် လူမှုကွန်ရက်မှာ Live လွှင့်ကာ မဟုတ်မမှန် ဝေဖန်ပုပ်ခတ်ပြောဆိုနေတာကို သတင်းပေးခဲ့တာကြောင့် ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းတွေမှာ ရေးသားထားပါတယ်။
မအေးမာထွန်း သတ်ဖြတ်ခံရမှု ရုပ်သံထွက်ပေါ်လာပြီးနောက် တမူးမြို့တွင်းနေရာ အများအပြား မှာ တင်းတင်းကြပ်ကြပ် စစ်ဆေးနေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးနေတယ်လို့ တမူးမြို့ခံ တဦးက ပြောပါတယ်။
"တချို့တွေဆို မြို့ထဲတောင် သိပ်မနေရဲကြလို့ မိုးရေးထဲ ပြောင်းနေကြတာ များတယ်။ အခုတလော ဖမ်းဆီးစစ်ဆေးတာတွေ များနေတယ်။"
အခုလိုအခြေအနေတွေကြောင့် မြို့ခံတွေအနေနဲ့ အသွားအလာ ဂရုစိုက်ဖို့ တမူး PDF အဖွဲ့ဝင် တဦးက ပြောပါတယ်။
"တမူးမြို့က ပြည်သူတွေအနေနဲ့ ဂရုစိုက်ကြပါ။ သိတဲ့အတိုင်းပဲ မြို့ပေါ်က ပျူတွေ များတယ်။ ကျနော်တို့ တပ်ဖွဲ့တွေလည်း အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်နေပါတယ်။"
လတ်တလော ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်က တမူးမြို့မရဲစခန်းကို ဖမ်းဆီးသွား ကြတယ်လို့ သိရပါတယ်။
တမူးမြို့ခံ မအေးမာထွန်း သတ်ဖြတ်ရတာနဲ့ပတ်သက်လို့ တမူးမြို့နဲ့ ကလေးမြို့ပေါ်မှာ တပ်ထောက်ခံသူတွေက NUG၊ CRPH၊ PDFတွေ အလိုမရှိကြောင်း ဆန္ဒပြခဲ့ပါတယ်။
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်