DVB Logo
Home
Lead Story
မအလရဲ့ နောက်ဆုံးထွက်ပေါက်
DVB
·
December 10, 2022
မအလရဲ့ နောက်ဆုံးထွက်ပေါက်
Donate to DVB

အာဏာလုစစ်ကောင်စီဟာ  ၂၀၂၃ ခုနှစ်မှာ  မဖြစ်နိုင်တဲ့ လွတ်လပ်ပြီး တရားမျှတပါတယ်ဆိုတဲ့ အထွေထွေရွေးကောက်ပွဲကို ကျင်းပမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မအလရဲ့ ရွေးကောက်ပွဲ ဘယ်လောက်ထိလွတ်လပ်မလဲ၊ ပါတီရောစုံပါ့မလား၊ တရားမျှတမှုရော ရှိပါ့မလား၊ မတရားအာဏာသိမ်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့ လက်ခံမှာ မဟုတ်သလို နိုင်ငံတကာကလည်း အသိအမှတ်ပြုမယ် မထင်ပါဘူး။ ဒါပေမဲ့ မအလရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မလေးရှားကလွဲလို့ ပြည်ပနိုင်ငံတွေက တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲ အမည်တပ်ပြီး စစ်ကောင်စီက ကျင်းပမယ်တဲ့လား။ ရူးလိုက်ပါဘိ သာဝရယ်၊ ပြည်ပနိုင်ငံတွေက လက်ခံမယ်ထင်နေတာ ဆိုရင်တော့ သေချာတယ် ထမင်းမစားသင့်တဲ့ အရူးပဲဖြစ်တယ်။ ပြည်သူက မတရားအာဏာသိမ်း စစ်အုပ်စုကို အမုန်းကြီးမုန်းလို့ နာကြည်းချက်တွေက သာဝတို့ အာဏာရူးအုပ်စုပေါ်မှာ နက်နက်ရှိုင်းရှိုင်း စူးဝင်နေကြပြီ။ သာဝတို့ စစ်အုပ်စု လုပ်ဆောင်သမျှ ဘယ်ပြည်သူကမှ ကြည်ဖြူစွာ လက်ခံကြမှာ မဟုတ်တာတော့ အသေအချာပဲဖြစ်တယ်။

စစ်အုပ်စု လူမဆန်စွာ ရက်စက်သမျှ ခံစားနေရတဲ့ ပြည်သူတွေက “မတရားတဲ့ ရွေးကောက်ပွဲ လုံးဝအလိုမရှိ”၊ “လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကို ချေမှုန်းကြ”၊ “မတရားတဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” ကြွေးကြော်သံအမျိုးမျိုးနဲ့ ဒေသအသီးသီးမှာ ချီတက်ဆန္ဒပြ ကြွေးကြော်နေကြတာ မီဒီယာစာမျက်နှာတွေပေါ်မှာ နေ့စဉ် ရေးသားထုတ်လွှင့် ပြသနေပါတယ်။

‌ဒါကြောင့်လည်း အာဏာသိမ်းပြီးတာနဲ့ စစ်အုပ်စု အရမ်းကြောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အရည်အချင်းရှိသူ မှန်သမျှကို ထောင်ထဲထည့် ပုဒ်မတွေ အမြောက်အမြား မျိုးစုံတပ် တရားစွဲကာ နှစ်ရှည်ပြစ်ဒဏ်တွေနဲ့ ထောင်ထဲ ထည့်ထားခဲ့တယ်။ စစ်အုပ်စုရဲ့ လက်ဝေခံပါတီတချို့နဲ့ ၂၀၂၀ ရွေးကောက်မှာ တနေရာမှ အနိုင်မရ၊ တမဲမှမရတဲ့ ချာပလာစီ ပါတီတွေနဲ့ ရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ အကြံဆိုးကြီးနဲ့ ကြံတယ်၊ ရွေးကောက်ပွဲအတွက် စည်းရုံးရေး စလိုက်တာနဲ့ နွေဦးတော်လှန်ရေး အထွတ်အထိပ် ရောက်သွားမှာ မြေကြီးလက်ခတ်မလွဲ ကြုံတွေ့ရမှာ အ‌သေအချာပဲဖြစ်တယ်။

ကလေးအထာနဲ့ NLD ပါတီကို သူတို့ကျင်းပမယ့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမှာ မပါဝင်နိုင်အောင်၊ ပါခဲ့တယ်ဆိုရင်တောင် ပြည်သူကို မျက်နှာမမူ လက်တဆုပ်စာ သာကူးနဲ့ အာဏာရူး အနည်းငယ်သာ ပါလိမ့်မယ်။ အဲဒီလို လူစားတွေကိုလည်း ပြည်သူက နာကြည်းတဲ့ အမုန်းများနဲ့ ဥပေက္ခာပြုကြလိမ့်မယ်။ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို ထောင်ထဲထည့် NLD ပါတီဝင်ဆိုရင်လည်း ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ပစ်လိုက်တယ်။ တချို့ကို နိုင်ငံရေးအာဏာ မက်လုံးပေးပြီး သူတို့ဘက်ရောက်အောင် သိမ်းသွင်း ဆွဲခေါ်လိုက်ကြတယ်။ ဒါမှ မအလရဲ့ ၂၀၂၃ ရွေးကောက်ပွဲမှာ NLD ပါတီ ဝင်မပြိုင်နိုင်မှာ၊ NLD ပါတီကလည်း ဝင်ပြိုင်ဖို့မပြောနဲ့၊ မအလရဲ့ ရွေးကောက်ပွဲအပြင် ပြင်းပြင်းထန်ထန် တော်လှန်တိုက်ပွဲဝင် ကန့်ကွက်ကြဖို့ အသိပေးထားပါတယ်။ ဒါဆို မအလနောက်လိုက် နောက်မြီးဆွဲ ဖွတ်ပါတီက လွတ်လွတ်ကျွတ်ကျွတ် ပြိုင်ဘက်မရှိ အနိုင်ရကာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်မယ်ဆိုတဲ့ အကြံဆိုးကြီးနဲ့ ကြံခြင်းဖြစ်တယ်။

ဒါကြောင့်မို့ NLD ပါတီဝင်တွေ၊ ‌အားပေးထောက်ခံသူတွေကို အာဏာရူး စစ်အုပ်စုက မဟာ့မဟာ ရန်သူအဖြစ်နဲ့ အမြစ်ပြတ်ချေမှုန်းနေကြတာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဒီနေ့အထိဖြစ်တယ်။ စစ်အုပ်စုတွေဟာ NLD ဆိုတဲ့အသံကြားတာနဲ့ အကြောက်လွန်ပြီး ဖမ်းဟ ဆီးဟ ရိုက်ဟ နှက်ဟ သတ်ဟ ဖြတ်ဟ ဆိုတော့ NLD ပါတီဝင်မှန်သမျှမှာလည်း ရှောင်တိမ်းပြေးပုန်းကြကာ တောထဲရောက်တဲ့သူနဲ့ ပြည်ပရောက်တဲ့သူနဲ့ လွတ်မြောက်ရာ အရပ်မှာ ပုန်းခိုနေကြရတယ်။ တော်လှန်ရေးအဖွဲ့ထဲ ဝင်ရောက်နေကြတဲ့သူတွေဆိုရင် တော်လှန်ရေးတပ်ထဲမှာ စစ်သင်တန်းတက် တိုက်ပွဲဝင်နေကြရတာ တနိုင်ငံလုံး သိပြီးဖြစ်တယ်။

အာဏာရူးစစ်အုပ်စုကို ပြည်တွင်းမှာ ဘယ်သူကမှ လက်မခံသလို ပြည်ပမှာလည်း လူတောမတိုးတော့ဘူး။ ဘောမ‌ နောက်လိုက်တွေ ဝမ်းသာရအောင် လေလည်ပြတဲ့ အဆင့်မှာပဲ ရှိတော့တယ်။ အနောက်အင်အားကြီးနိုင်ငံတွေက UN မှာ တင်ပြတောင်းဆို၊ UN ကနေ အာဆီယံကို ဖိအားပေး၊ အာဆီယံကနေ မအလကို အစပထမတော့ နိုင်မယ်အထင်နဲ့ ဘုံသ‌ဘောတူညီချက် ၅ ရပ်နဲ့ ဟပေး၊ ဟပေးထားတဲ့အချိန်အတွင်း မအလကလည်း ဆန္ဒပြပွဲတွေ တော်လှန်ရေးအင်အားစုတွေကို အပြတ်နှိမ်နင်း၊ ပြည်သူတွေကလည်း ဖိလေ ကြွလေ၊ မအလကလည်း ကြွလေ ဖိလေနဲ့ ပွဲက ပိုကြမ်းလာတော့ တော်လှန်ရေးအရှိန် ပိုအားကောင်းလာတယ်။ 

အာဆီယံကလည်း တော်လှန်အရှိန် ကောင်းလာတာနဲ့အမျှ မအလ နိုင်မယ်ထင်တဲ့ ယူဆချက်က နဂိုကမှ ယဲ့ယဲ့သာရှိတာဆိုတော့ တဖြည်းဖြည်း မအလ ရှုံးနိုင်ခြေ မြင်လာတဲ့အခါ တရစ်ချင်း ကျပ်ပါတော့တယ်။ အခုဆို မအလအဖို့ သံခင်းတမန်ခင်းမှာ လုံးဝ ရှုံးနိမ့်နေပါပြီ။ နိုင်ငံတကာက သူ့အပေါ် အမြင်ပြောင်းလာအောင် အကျဉ်းသား လွှတ်ပြပေးတယ်၊ “နိုင်ငံရေးအကျဉ်းသားတွေ အများကြီး လွှတ်ပေးတယ်ပေါ့"။ တကယ်လွတ်လာတဲ့ နိုင်/ကျဉ်းက အစွန်းထွက်လောက်နဲ့ နိုင်ငံရေးဩဇာရှိသူ အနည်းငယ်ပဲ ပါတယ်။

စစ်အုပ်စုအတွက် နောက်ဆုံးထွက်ပေါက်တခုဖြစ်တဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အစစ်အမှန် ဖြစ်နိုင်ပါ့မလား။ မအလအနေနဲ့ ပြည်သူတွေအတွက် တကယ်ပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်‌ကြောင်း ဘယ်လိုတာဝန်ယူမှု တာဝန်ခံမှုမျိုး‌ ပေးနိုင်မလဲ၊ မအလ စစ်အုပ်စုနဲ့ နောက်လိုက် အာဏာရူးတသိုက် ပြည်တွင်း၊ ပြည်ပကို ပွင့်လင်းမြင်သာစွာနဲ့ သတ္တိရှိရှိ ချပြပေးမယ်ဆိုရင်ဖြင့် .. ဒီပွဲက နောက်ဆုံးပွဲ ....။

ပေကြီး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013