
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ ခက်ချယ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ ပူးပေါင်းတပ်တို့ ၅ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က အရာရှိတဦး သေဆုံးကာ အယောက် ၅၀ လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဒီဇင်ဘာ ၁ ရက်ကစပြီး ဒီဇင်ဘာ ၅ ရက်အထိ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်ဒဏ်ရာရသူတွေကို ရဟတ်ယာဥ်နဲ့ လာရောက်သယ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “သူတို့ဘက်က ၆၀ မမ လက်နက်နဲ့ ပစ်တယ်။ ကျနော်တို့ဘက်က KIA၊ PDF၊ ABSDF တို့ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ပြန်ပစ်ခဲ့တာပါ။ စကစဘက်က နှစ်ရစ်နဲ့ တယောက်ကတော့ အဲ့မှာပဲ ပွဲချင်းပြီး ဆုံးပါတယ်ဗျာ့။ အလောင်းကို အဲ့မှာပဲ ဖြစ်သလိုမြှုပ်သွားပါတယ်။”
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၅၀ ကျော် ထိခိုက်ဒဏ်ရာရတာကြောင့် စစ်ရဟတ်ယာဥ်သုံးပြီး လာရောက်သယ်ဆောင်ခဲ့ရတယ်လို့ ပြောပါတယ်။
မိုးမိတ်မြို့မှာ ဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ရဟတ်ယာဥ်တွေ ပျံဝဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်တဲ့ ခက်ချယ်ရွာသားတွေ တိမ်းရှောင်နေခဲ့ရပြီး အခုချိန်မှာတော့ အခြေအနေ ငြိမ်နေတယ်လို့ သိရပါတယ်။