DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဝယ်ယူမှုကြောင့် မြန်မာဆန် ပြည်ပတင်ပို့မှု မြင့်တက်လာ
DVB
·
December 10, 2022
ဘင်္ဂလားဒေ့ရှ်ဝယ်ယူမှုကြောင့်  မြန်မာဆန် ပြည်ပတင်ပို့မှု မြင့်တက်လာ
1 / 2
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဝယ်ယူမှုကြောင့် နိုဝင်ဘာလအတွင်း မြန်မာ့ ဆန်တင်ပို့မှုက အခု ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်အတွင်း  လအလိုက်  ဆန်တင်ပို့မှုမှာ အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားချက်အရ နိုဝင်ဘာလအတွင်း ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တန်ချိန်  ၂၆၀,၀၀၀ ကျော်ထိ တင်ပို့ထားပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်း တင်ပို့မှုနဲ့ ယှဥ်ရင် ၆၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပါတယ်။

နိုဝင်ဘာလအတွင်း ဆန်တင်ပို့မှုအနေနဲ့ တန်ချိန် ၁၈၀,၀၀၀ ဝန်းကျင်၊ ဆန်ကွဲ တင်ပို့မှုက တန်ချိန် ၈၀,၀၀၀ ကျော်ရှိပြီးတော့  ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၆ သန်းထိ ရရှိထားတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဆန်ဝယ်ယူမှုက  တန်ချိန် ၉ သိန်းနီးပါးရှိပြီး၊ စုစုပေါင်းဆန်တင်ပို့မှုရဲ့ ၅၀ ရာခိုင်နှုန်းဝန်းကျင် ရှိပါတယ်။

ဆန်စပါးအသင်းချုပ်ရဲ့  ဆန်နဲ့ဆန်ကွဲ လအလိုက် တင်ပို့မှုစာရင်းကို ပြန်ကြည့်ရင် အခုဘဏ္ဍာနှစ် ပထမလဖြစ်တဲ့ ဧပြီလမှာ တန်ချိန် ၂သိန်းခွဲကျော် ၊ မေလမှာ တန်ချိန် ၁ သိန်းခွဲ ဝန်းကျင်၊ ဇွန်လမှာ တန်ချိန် ၁၄၀,၀၀၀ ကျော်၊ ဇူလိုင်လမှာ တန်ချိန် ၂ သိန်း ဝန်းကျင်၊ သြဂုတ်လမှာ တန်ချိန် ၁သိန်းခွဲကျော်၊ စက်တင်ဘာလမှာ တန်ချိန် ၁ သိန်းဝန်းကျင်နဲ့ အောက်တိုဘာလမှာ တန်ချိန် ၁၆၀,၀၀၀ ကျော် အသီးသီးရှိခဲ့ပါတယ်။

ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုကနေ လအလိုက် ရရှိတဲ့ ပို့ကုန်တန်ဖိုးအနေနဲ့ ဧပြီလမှာ အမေရိကန်ဒေါ်လာ ၈၂ သန်း၊ မေလမှာ ၅၁ သန်း၊ ဇွန်လမှာ သန်း ၅၀ ၊ ဇူလိုင်လမှာ ၆၆ သန်း၊ သြဂုတ်လမှာ ၅၃ သန်း၊၊ စက်တင်ဘာလမှာ ၃၇ သန်းနဲ့  အောက်တိုဘာလမှာ ၆၅ သန်း အသီးသီးရှိခဲ့ပြီး၊ နိုဝင်ဘာလမှာ တော့ အမေရိကန်ဒေါ်လာ ၁၀၆ သန်းထိ မြင့်တက်လာပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက  G to G စနစ်နဲ့ ဝယ်ယူနေတာကြောင့် နိုဝင်ဘာလမှာ ဆန်တင်ပို့မှု သိသိသာသာ မြင့်တက်လာတာဖြစ်ပြီး နှစ်နိုင်ငံ ရေးထိုးထားတဲ့ ဆန်စပါး ကုန်သွယ်မှုဆိုင်ရာ  နားလည်မှု စာချွန်လွှာ (MOU)အရ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၇ ခုနှစ် အထိ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်စဉ် အများဆုံး ဆန်ဖြူတန်ချိန် ၂သိန်းခွဲထိနဲ့ ပေါင်းဆန် တန်ချိန် ၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်မှာဖြစ်တယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရပါတယ်။

အဲဒီ MOUအရအရ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံကနေ ဧည့်မထ ၅ ရာခိုင်နှုန်း တန်းမြင့်ဆန် တန်ချိန်  ၁၁၀,၀၀၀ ခန့်ကို  တင်ပို့ထားပြီး၊  ဆန်တန်ချိန် ၂,၀၀၀ ကျော်က သင်္ဘောတင်ဆဲဖြစ်ကာ  ကျန်ရှိနေတဲ့နေတဲ့ ဆန်တွေကိုတော့ သက်မှတ်ကာလအတွင်း ပြည့်မီအောင် ဆက်လက်တင်ပို့နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စီး/ကူးဝန်ကြီးဌာနက သိရပါတယ်။

အခုနှစ် ပြည်တွင်း ဆန်စျေးနှုန်းတွေကတော့  ကျပ်ငွေတန်ဖိုးကျဆင်းပြီး အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမြင့်တက်လာတာ၊ စိုက်ပျိုးရေး သွင်းအားစုစျေးနှုန်းတွေ အဆမတန် မြင့်တက်လာပြီး၊ ဒေသတွင်း မတည်ငြိမ်တွေကြောင့် စပါးစိုက်ဧက လျော့ကျလာတာ၊ ပြည်ပဆန်ဝယ်ယူမှု အားကောင်းနေတာ စတဲ့အချက်တွေကြောင့်  ပြီးခဲ့တဲ့နှစ်ကထက် ၃၀ ရာခိုင်နှုန်းကနေ  ၉၀ ရာခိုင်နှုန်းဝန်းကျင်ထိ မြင့်တက်လာပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်အသင်းက ထုတ်ပြန်တဲ့ ဈေးနှုန်းစာရင်းအရ  ပြီးခဲ့တဲ့နှစ်က ဧည့်မထ အုပ်စုဝင် (ဆန်ဟောင်း) တစ်အိတ်ကို  ၂၄၀၀၀ ကျပ် ကနေ ၂၅၀၀၀ ခန့် ရှိခဲ့ရာကနေ အခုအခါ တစ်အိတ်ကို  ကျပ် ၄၆၀၀၀ ကနေ  ၄၇၀၀၀ ခန့်ထိ မြင့်တက်လာပါတယ်။

ဆန်ချောစျေးနှုန်းအနေနဲ့  ‌ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်ကို ပြီးခဲ့တဲ့နှစ်က ၅၂၀၀၀ ကျပ် ကနေ ၅၉၀၀၀ခန့် ရှိခဲ့ရာကနေ အခုအခါ တစ်အိတ်ကို  ၉၀၀၀၀ ကျပ် ကနေ  ၉၈၀၀၀ ခန့်ထိ မြင့်တက်လာတာ တွေ့ရပါတယ်။

လတ်တလော ပြည်တွင်းဆန်ဈေးကွက်အတွင်း ဆန်သစ်တွေ ထွက်ပေါ်နေပြီ ဖြစ်ပေမဲ့လည်း ဆန်သစ်နဲ့ ဆန်ဟောင်းဈေးနှုန်းတွေက အမြင့်ဈေးမှာပဲ ဆက်လက်ဆက်လက်ရပ်တည်နေပါတယ်။

Photo-MOI

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013