DVB Logo
Home
မြန်မာသတင်း
ပင်လယ်ထဲက ကယ်ဆယ်ခဲ့သည့် ရိုဟင်ဂျာ ၁၅၀ ကျော်ကို မြိတ်မြို့အနီး အဖွဲ့စုံဖြင့် စစ်ဆေးမည်
DVB
·
December 10, 2022
ပင်လယ်ထဲက ကယ်ဆယ်ခဲ့သည့် ရိုဟင်ဂျာ ၁၅၀ ကျော်ကို မြိတ်မြို့အနီး အဖွဲ့စုံဖြင့်  စစ်ဆေးမည်
Donate to DVB

ထိုင်းပင်လယ်ပြင်အနီး စက်လှေပျက်မျောပါ ဒုက္ခရောက်နေတဲ့  ရိုဟင်ဂျာ ၁၅၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပြီး မြိတ်မြို့အနီး ပင်လယ်ပြင်ထဲမှာ အဖွဲ့စုံနဲ့ စစ်ဆေးမယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၇ ရက်မနက် ၆ နာရီလောက်က မြိတ်မြို့ရဲ့အနောက်တောင်ဘက် ၁၅၅ မိုင်‌အကွာမှာ ရိုဟင်ဂျာတွေပါတဲ့လှေတစင်း ရေဝင်ပြီးနစ်မြုပ်လုနီးပါးဖြစ်နေတာကို စစ်ကောင်စီရဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းရဲ့ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်း‌မှာ အကျိုးတူပူးပေါင်းနေတဲ့ PTTEP International Limited က အထောက်အကူပြုရေယာဉ်‌တွေဖြစ်တဲ့ HAI DUONG 29 နဲ့ HAI DUONG 38 တို့က တွေ့ရှိကယ်ဆယ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ တပ်မတော်(ရေ)က လုံခြုံရေးစစ်ရေယာဉ်‌တွေဆီ သတင်းပေးပို့ခဲ့‌လို့ အနော်ရထာစစ်ရေယာဉ်ကို စေလွှတ်ခဲ့ပြီး ည ၁၀ နာရီလောက်မှာ အဲဒီနေရာကို ရောက်သွားတယ်လို့ ဆိုပါတယ်။

HAI DUONG 38 ရေယာဉ်ဆီကနေ ရိုဟင်ဂျာ လူကြီးအမျိုးသား ၈၃ ယောက်၊ အမျိုးသမီး အယောက် ၄၀၊ ကလေး ယောကျ်ားလေး  ၂၃ ယောက်၊ မိန်းခလေး ၈ ယောက်၊ စုစုပေါင်း ၁၅၄ ယောက်တို့ကို စစ်ရေယာဉ်ပေါ် လွှဲပြောင်းတင်ဆောင်ပြီး လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်တာတွေပေးသလို အစားအသောက်‌တွေလည်း ကျွေးမွေးခေါ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ လှေစီးဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား ခရိုင်၊ ဒေါ့ကာစီဒုက္ခသည်စခန်းကလာတာဖြစ်ပြီး ဒုက္ခသည်စခန်းအတွင်း လူဦးရေများတာ၊ လုံခြုံမှုမရှိတာနဲ့ စားနပ်ရိက္ခာမလုံလောက်တာတွေကြောင့် အင်ဒိုနီးရှား နိုင်ငံသို့သွားရောက်ဖို့  လိုက်ပါလိုသူ မိသားစုတွေထံကနေ တာကာငွေ ၁၀ သိန်း ကောက်ခံပြီး စက်လှေ ၁ စီး ဝယ်ယူခဲ့တာလို့ဆိုပါတယ်။

နိုဝင်ဘာ ၂၇  ရက်မှာ အဆိုပါ စက်လှေနဲ့ အင်ဒိုနီးရှားနိုင်ငံသို့ စတင်ထွက်ခွာလာတာဖြစ်ပြီး သူတို့အတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပေးထားတဲ့ ဒုက္ခသည်ကတ် ကိုင်ဆောင်ထားရှိကြောင်း၊ ဒီဇင်ဘာ ၇  ရက်မှာ လှေထဲကို ရေဝင်နစ်မြုပ်နေစဉ် HAI DUONG 38 ရေယာဉ်နဲ့ တွေ့ဆုံခဲ့ကာ လှေပေါ်ပါသူ အားလုံး အသက်ရှင်နေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအနီးက ပင်လယ်ပြင်မှာ ရက်ပေါင်းအတော်ကြာ မျောပါနေတဲ့ ရိုဟင်ဂျာ ၁၅၄ ယောက်ပါတဲ့ လှေကို ဗီယက်နမ်နိုင်ငံက ရေနံတင်သင်္ဘောကုမ္ပဏီတခုက ကယ်တင်ပြီး မြန်မာ ရေတပ်ဘက်ကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က “စစ်ကောင်စီဘက်ကို လွှဲပြောင်းပေးလိုက်ပြီးနောက်ပိုင်း လုံးဝ အဆက်အသွယ် ပြတ်သွားတယ်။ အခုလို ပင်လယ်ထဲမျောလာတယ်ဆိုတာ ဘယ်ကပဲလာလာ အာဏာပိုင်တွေက လာဘ်စားပြီး လွှတ်ပေးလို့၊ လူကုန်ကူးတာကို လက်ခံလို့ ဒီဘက်ကို ရောက်လာကြတာ။ အခုလို ဖမ်းတယ်၊ ပြီးရင် သတ်တယ်ဆိုတာက သူတို့အတွက် အပျင်းပြေ လုပ်နေသလိုပါပဲ။ နိုင်ငံတကာကိုလည်း ဂရုမစိုက်တော့ဘူး။ အခုလူတွေအတွက်လည်း စိုးရိမ်ရတယ်။ ထောင်ချတာတွေ ဘာတွေ လုပ်နိုင်တယ်” လို့ ရိုနေဆန်းလွင်က ပြောပါတယ်။

လက်ရှိမှာတော့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို မြိတ်မြို့ အနောက်မြောက်ဘက် ၈မိုင်ခွဲလောက်မှာ ကျောက်ချရပ်နားထားတဲ့ သင်္ဘောပေါ်မှာ မြိတ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ပါဝင်တဲ့အဖွဲ့စုံနဲ့ ဆက်လက်စစ်ဆေးသွားမှာဖြစ်ပြီး ဒီနောက် စစ်တွေမြို့ကို ဆက်လက်ပို့ဆောင်ကာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့  စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Photo- DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013