DVB Logo
Home
မြန်မာသတင်း
ပုလောတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ထားဝယ် ပကဖ လက်နက်သိုလှောင်နေရာ သိမ်းဆည်းခံရ
DVB
·
December 9, 2022
ပုလောတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ထားဝယ် ပကဖ လက်နက်သိုလှောင်နေရာ သိမ်းဆည်းခံရ
Donate to DVB

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒီဇင်ဘာ ၈ ရက် နေ့လယ်ပိုင်းနဲ့ ညပိုင်းမှာ ၂ ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြား‌ရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က ပုလောမြို့၊ မြို့နယ်ခန်းမမှာ တိုက်ခိုက်ပြီး နေ့လယ်မှာ ပဝတ်ကုန်းကို ဝင်တိုက်တာ။ ည ၈ နာရီလောက်မှာ တကြိမ် ပြန်တိုက်ခိုက်တယ်။ နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့တယ်။”

အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိဘဲ စစ်ကောင်စီဘက်က အကျအဆုံး အထိအခိုက်ရှိပြီး အတိအကျတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီတပ်ဖွဲ့တွေ ပဝတ်ကုန်းကျေးရွာမှာ တပ်စွဲထားပြီး ဒေသခံရွာသားတွေကလည်း တိုက်ပွဲတွေဖြစ်လာမှာ စိုးရိမ်လို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းမှာလည်း ပုလောမြို့၊ မြို့နယ်ခန်းမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစု (DEF-PDF) ရဲ့ လက်နက်သိမ်းဆည်းထားတဲ့ ထားဝယ်မြို့နယ်၊ ဝကုန်းရွာအနီးက ဂိုဒေါင်တခုကို ဒီဇင်ဘာ ၅ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းသွားတယ်လို့ DEF–PDF အဖွဲ့က ပြောပါတယ်။

DEF–PDF အဖွဲ့က ပြန်ကြာရေးတာဝန်ခံ ကိုရောင်နီက “လက်နက်တွေ အသိမ်းခံလိုက်ရတာ မှန်ပါတယ်။ သူတို့တွေ (စစ်ကောင်စီတပ်) က လူကြီးလမ်းကြောင်း လုံခြုံရေးလာယူတာ အင်အားက ၄၀၀ လောက်ရှိတယ်။ လူကြီးလမ်းကြောင်းပြီးတာနဲ့ ဝကုန်းရွာထဲဝင်လာပြီး ဘုန်းကြီးကျောင်းမှာစုပြီး စစ်ရှောင်နေတဲ့ ရွာသားတွေကို အိမ်ပြန်ခိုင်းပြီး လူမရှိတဲ့အိမ်တွေကို ဝင်မွှေတာ။ အရင်ဆုံး သေနတ်တလက်နဲ့ ကျည်ဘောက်တွေ အရင်တွေ့သွားတယ်။ ပြီးမှ အခုနေရာကိုတွေ့ပြီး လက်နက်တွေပါသွားတာ။ ရိက္ခာမပါဘူး၊ သိန်း ၂၀၀ လောက် တန်ဖိုးရှိတာတွေ ပါသွားတယ်။ ရွာသားတွေဆီက ရိက္ခာတွေလည်း ယူသွားသေးတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သိမ်းဆည်းရမိတဲ့ လက်နက်တွေရဲ့ ဓာတ်ပုံတွေကို မနေ့ ဒီဇင်ဘာ ၈ ရက်ကတည်းက ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၅ ရက် မနက်ပိုင်း ရမ္မဇူ၊ သရက်ငုတ်ရွာတွေမှာ တိုက်ပွဲဖြစ်ပြီးမှ စစ်ကောင်စီတပ်တွေ ဝကုန်းရွာဘက်ကို ပြန်ရောက်လာပြီး အခုလို ရှာဖွေသွားတာ ဖြစ်ပါတယ်။

အခုလို လက်နက်တွေ သိမ်းဆည်းခံလိုက်ရတဲ့အတွက် DEF-PDF ရဲ့ လက်နက်ထုတ်လုပ်ရေး လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ မိဘပြည်သူတွေအနေနဲ့ ထောက်ပံ့ပေးကြဖို့ အကူအညီ တောင်းခံထားပါတယ်။

ဝကုန်းရွာက လူမရှိတဲ့နေအိမ်တဆောင်ကို လက်နက်တွေနဲ့ ဆက်စပ်တယ်ဆိုပြီး သေနတ်တွေနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်နဲ့ ၅ ရက်နေ့တွေမှာ စစ်ကောင်စီနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေ အကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီဘက်က ၆ ဦးကျဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က တဦးဒဏ်ရာရပြီး သင်္ကန်းတုံးရွာက အရပ်သားတဦးလည်း စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013