ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ဘုရားငုတ်တိုကျေးရွာ ဒလ-တွံတေးကားလမ်းပေါ်မှာ ဒီဇင်ဘာ ၉ ရက် ဒီနေ့ညနေ ၅ နာရီလောက်က အလုပ်ကပြန်လာတဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရန်ကုန်မှာ အလုပ်သွားလုပ်ပြီးပြန်လာတဲ့ လူငယ်နှစ်ဦးဟာ ဒလကနေ တွံတေးကို တက္ကဆီ အငှားယာဥ်နဲ့ ပြန်လာစဥ် ဘုရားငုတ်တိုကျေးရွာအရောက် စစ်ကောင်စီတပ်က တားဆီးပြီး ရိုက်နှက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကားကိုတားပြီး ဖုန်းတွေစစ်တယ်။ လွယ်အိတ်တွေစစ်တယ်။ ဖုန်းထဲမှာ ဘာတွေ့လို့လဲမသိဘူး၊ ဒူးထောက်ခိုင်းပြီးရိုက်တာ၊ ရိုက်လို့ဝမှ ကားပေါ်တင်ပြီး ခေါ်သွားတာ၊ ယာဥ်မောင်းကို ဖမ်းလား မဖမ်းလား မသိဘူး၊ ကောင်လေးနှစ်ယောက်ကိုတော့ ဖမ်းသွားတယ်။”
ဖမ်းဆီးခံရသူ လူငယ်နှစ်ဦးဟာ တွံတေးမြို့နယ်မှာ နေထိုင်သူတွေဖြစ်ပေမဲ့ နေရပ်လိပ်စာကို အတိအကျ မသိဘူးလို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကောင်လေးတွေကတော့ ပြောတယ်၊ ကျနော်တို့ တွံတေးကပါ၊ အလုပ်ကပြန်လာတာတဲ့၊ စစ်တပ်ကပြောတာတော့ လက်လုပ်ဗုံးတွေ့လို့ ဖမ်းတာတဲ့၊ သူတို့ရိုက်နှက်တာ လူတွေဝိုင်းကြည့်နေတော့ PDF တွေမိတယ်ဆိုပြီး ပြောသွားတယ်။”
လတ်တလောမှာ ဖမ်းဆီးခံရတဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်တွေက တွံတေးမြို့မရဲစခန်းမှာ ရိုက်နှက်စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒလနဲ့ တွံတေးမြို့နယ် ဆက်သွယ်ထားတဲ့ ကားလမ်းမတလျှောက်မှာ စစ်ကောင်စီတပ် လုံခြုံရေးယူထားတဲ့ ဂိတ်တွေရှိပြီး ခရီးသွားလာတဲ့ယာဥ်တွေကို ငွေကြေးတောင်းတာတွေ၊ ဖုန်းစစ်ဆေးတာတွေ ပြုလုပ်ပြီး ငွေကြေးမရရှိပါက ရိုက်နှက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။