DVB Logo
Home
မြန်မာသတင်း
ကရင်နီ၊ စစ်ကိုင်းနှင့် မကွေးမှတ်ပုံတင်ကိုင်သူများ နယ်စပ်မြို့များသို့ ဝင်ခွင့်မရဘဲ ပြန်လွှတ်ခံနေရ
DVB
·
December 9, 2022
ကရင်နီ၊ စစ်ကိုင်းနှင့် မကွေးမှတ်ပုံတင်ကိုင်သူများ နယ်စပ်မြို့များသို့ ဝင်ခွင့်မရဘဲ ပြန်လွှတ်ခံနေရ
1 / 4
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ အပါအဝင် တခြား နယ်စပ်မြို့အဝင်ဂိတ်တွေမှာ စစ်ကောင်စီက ခရီးသည်တွေကို မှတ်ပုံတင်တွေနဲ့ တိုက်စစ်ပြီး ကရင်နီ (ကယား)၊ စစ်ကိုင်းနဲ့ မကွေး ဒေသမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို စစ်ဆေးမေးမြန်းကာ နေရပ်ဒေသတွေကို ပြန်လွှတ်တာတွေ ရှိတယ်လို့ ခရီးသွားတွေဆီက သိရပါတယ်။

တောင်ကြီး-တာချီလိတ် လမ်းကြောင်းမှာ စစ်ဆေးရေးဂိတ် ၁၀ ဂိတ်လောက် ဖြတ်ကျော်ရပြီး ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဘက်ကလာတဲ့ ခရီးသည်တွေကို အဓိကထား စစ်ဆေးကာ ပြန်လွှတ်ခံရတဲ့ ခရီးသည်တွေ ရှိနေတယ်လို့ ပြီးခဲ့တဲ့ရက်အတွင်း တောင်ကြီး-တာချီလိတ် ခရီးစဉ်ကို သွားရောက်ခဲ့သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“အဓိကကတော့ မှတ်ပုံတင်တောင်းတယ်။ ၂ မျဉ်းစောင်း၊ ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်းပါတဲ့ ခရီးသည်တွေကို အဓိကထားပြီးတော့ နာမည်တပ်ပြီးတော့ သူတို့ စစ်ဆေးရေးဂိတ်ထဲကို ခေါ်တယ်။ ခေါ်ပြီးရင် ဖုန်းတွေစစ်တယ်။ ပထမဆုံး ကျနော်တို့စီးတဲ့ကားမှာ ၈ မျဉ်းစောင်း ကောင်မလေးတယောက် ပါတယ်။ သူ့ကို သတိထားပြီးတော့ နာမည်ခေါ်ပြီးတော့ မေးတယ်။ ညီမက တာချီလိတ်ကို ဘာလို့သွားမလဲ။ ဘယ်သူရှိလို့လဲ ဆိုပြီးတော့ သူ့ကို မတ်တတရပ်ပြီး မေးတယ်။ ပထမဂိတ်မှာ အစစ်ဆေးခံရတယ်။ တာချီလိတ်ဂိတ်မှာတော့ ညနေ ၆ နာရီဆို ပေးမဝင်တော့ဘူး။ ၆ နာရီ ၅ မိနစ်မှာ ကျနော်တို့ ရောက်သွားတယ်။ အဲ့အချိန်မှာ မှတ်ပုံတင် သွားပြတဲ့အချိန်မှာ ၂ မျဉ်းစောင်း ကောင်မလေးတယောက် ပါလာတယ်။ အဲဒါ ဒီကောင်မလေးကို ခေါ်ပြီးတော့ အဲဒီမှာပဲနေခဲ့ဖို့။ ဟိုဘက်ကို သွားလို့မရဘူး။ ၂ မျဉ်းစောင်း၊ ၅ မျဉ်းစောင်းတို့ကို အထဲကို ဝင်ခွင့်မပေးဖို့အတွက် ညွှန်ကြားချက်ရထားတယ်ဆိုပြီး အဲဒီလိုမျိုး ပြောတယ်။ ပြောပြီးတော့ ကောင်မလေးတွေ နေခဲ့ရတယ်ပေါ့ဗျာ။”

မှတ်ပုံတင်မှာ ကယားပြည်နယ် ၂ မျဉ်းစောင်း၊ စစ်ကိုင်းတိုင်း ၅ မျဉ်းစောင်းနဲ့ မကွေးတိုင်း ၈ မျဉ်းစောင်းတို့နဲ့ စတာဖြစ်ပါတယ်။

အလားတူ ချင်းပြည်နယ် ၄ မျဉ်းစောင်းနဲ့ ရခိုင်ပြည်နယ် ၁၁ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ ခရီးသွားတွေကိုလည်း ပိုက်စိပ်တိုက် စစ်ဆေးနေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

ဒီလို ကြုံတွေ့ရတာဟာ အချိန် လေးငါးလရှိပြီဖြစ်ပြီး ကယား၊ စစ်ကိုင်းနဲ့ မကွေးဘက်က လာတဲ့ ခရီးသည်တွေကို နယ်မြေ ဒေသခံတယောက်ယောက် လာခေါ်မှသာ မြို့ထဲပေးဝင်တဲ့ အခြေအနေမျိုး ရှိတယ်လို့ ဒေသခံ ကားသမားတွေက ပြောပါတယ်။

ဒေသခံ ကားသမားတဦး “ဒီဘက်က မြို့ထဲကနေမှ တယောက်ယောက် လာခေါ်မှရမှာ။ တာချီလိတ်မှာနေတဲ့သူပေါ့။ အဲဒီ မျဉ်းစောင်းတွေမှ မဟုတ်ဘူး။ ဒီဘက်ကူးမယ့်သူဆို ဒီမြို့ပေါ်မှာနေတဲ့သူ လာခေါ်ရတာပေါ့။ အဝင်မခံဘူး၊ ပြန်ခိုင်းတယ်။ သူက အဲ့ဘက်တွေက မငြိမ်သက်တဲ့ နေရာမျိုးတွေကပေါ့။ မငြိမ်သက်ဘူးဆိုတာ ၅ မျဉ်းစောင်းဆို စစ်ကိုင်းတိုင်းပေါ့။ ၂ မျဉ်းစောင်းဆို လွိုင်ကော်ပေါ့။ စစ်ဆေးရေးဂိတ်တွေကတော့ အဲဒီမျဉ်းစောင်းတွေဆို လမ်းမှာ တအားမေးတာပေါ့။ ဘယ်သွားမှာတုန်း၊ ဘယ်လာမှာတုန်း အဲ့လိုမျိုး။ အလုပ်ဘယ်သွားလုပ်မှာတုန်း။ အဲ့မျဉ်းစောင်းတွေနဲ့လာရင် မယုံကြည်ဘူးပေါ့” လို့ က ပြောပါတယ်။

ကရင်ပြည်နယ် ထိုင်းနယ်စပ် မြဝတီဘက်မှာဆိုရင် အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင် မလဲရသေးတဲ့ ခရီးသည်တွေကို အကြောင်းပြချက်မျိုးစုံနဲ့ စစ်ဆေးရေးဂိတ်တွေမှာ အခကြေးငွေပေးပြီး ဖြတ်ကျော်ရတာမျိုးတွေ ရှိနေသလို ခရီးသွားထောက်ခံစာ ပြရတာမျိုးတွေပါ ကြုံတွေ့နေရတယ်လို့ ပြီးခဲ့တဲ့ရက်တွေအတွင်း မြဝတီဘက် ခရီးသွားခဲ့သူတချို့က ပြောပါတယ်။

စစ်ကိုင်းတိုင်းဘက်ကလာတဲ့ ၅ မျဉ်းစောင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ကရင်ပြည်နယ် ဘားအံဂိတ်နဲ့ ဘုရားကြီးဂိတ်တွေမှာ အဓိကထား ပိုက်စိပ်တိုက်စစ်တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတဦးက ပြောပါတယ်။

စစ်ကိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူတဦးက “မြဝတီကို အလာတုန်းကကျတော့ အဓိက စစ်ဆေးရေးဂိတ်က ဘုရားကြီးဂိတ်နဲ့ ဘားအံဂိတ်က အဓိက။ အသွားရော အပြန်ရော စစ်တယ်။ ဘာလုပ်ခဲ့တာတုန်းလို့ စစ်တယ်။ ဖုန်းကို ဘားအံဂိတ်မှာ တအားကိုစစ်တာ။ ဖေ့စ်ဘွတ်ခ်ရယ်၊ ဓာတ်ပုံဖိုင်တွေ၊ ဗွီဒီယိုဖိုင်တွေ၊ ဗိုက်ဘာမှာ ပြောထားတာတွေ ကြည့်တယ်။ ရစ်တယ်။ ၅ မျဉ်းစောင်းဆို ပိုဆိုးတယ်။ ရစ်ပေမဲ့ အသွားတုန်းကဆို ဘုရားဖူးလို့ ပြောသွားတယ်။ ရှင်းလို့မရတာ ၂ ဂိတ်ပဲ။ ဆင်းပြီးပြရတယ်။ ဖုန်းတွေကိုစစ်တယ်” လို့ ပြောပါတယ်။

ဒီလိုလုပ်ဆောင်တာတွေဟာ ပြည်တွင်းမှာ သွားလာနေကြတဲ့ ခရီးသွားပြည်သူတွေရဲ့ လွတ်လပ်စွာသွားလာခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခံနေရတာဖြစ်ပြီး ခရီးသွားတွေအနေနဲ့ စစ်ဆေးရေးဂိတ်များစွာ ဖြတ်ကျော်ရတာကြောင့် အထိတ်ထိတ် အလန့်လန့် သွားလာနေကြရတယ်လို့ ဆိုပါတယ်။

အခုလိုမျိုး မှတ်ပုံတင်ကိုင်ဆောင်မှုတွေနဲ့ ပတ်သက်လို့ မြို့တွေ အဝင်မခံဘူးဆိုတာ စစ်ကောင်စီဘက်က တရားဝင် ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013