DVB Logo
Home
မြန်မာသတင်း
မှတ်ပုံတင်ပြမှ အဝေးပြေးကားလက်မှတ်ဝယ်ယူခွင့်ပြုသဖြင့် ခရီးသည်များ အခက်ကြုံ
DVB
·
December 9, 2022
မှတ်ပုံတင်ပြမှ အဝေးပြေးကားလက်မှတ်ဝယ်ယူခွင့်ပြုသဖြင့် ခရီးသည်များ အခက်ကြုံ
1 / 3
Donate to DVB

ရန်ကုန်၊ မင်္ဂလာဒုံ အောင်မင်္ဂလာအဝေးပြေးကားဝင်းနဲ့ လှိုင်သာယာ ဒဂုံဧရာ အဝေးပြေးကားဝင်းတို့မှာ မှတ်ပုံတင်ကိုင်ဆောင်ပြနိုင်မှ ကားလက်မှတ်ဝယ်ယူခွင့်ရှိတဲ့ ညွှန်ကြားချက်တွေကြောင့် ခရီးသည်တွေ သွားလာဖို့နဲ့ ကားဂိတ်‌တွေ လက်မှတ်ရောင်းချဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ ညွှန်ကြားချက်ကို ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က နိုဝင်ဘာ ၂၈ ရက်မှာ အဝေးပြေးကားဂိတ်တွေကို ညွှန်ကြားခဲ့တာဖြစ်ပြီး “နိုင်ငံသားစိစစ်ရေးကတ်မပါလျှင် စီးနင်းခွင့်မပြု” ဆိုတဲ့ စ‌တစ်ကာတွေ ဖြန့်ဝေခဲ့တာလို့ သိရပါတယ်။

“ရန်ကုန်နဲ့ ပုသိမ်က တလ လေးငါးခေါက်လောက် သွားနေတာ၊ လိုတာရှိ ရန်ကုန်တက်ဝယ်၊ ဒီမှာ ဆွေမျိုးတွေလည်းရှိ‌တော့ လှိုင်သာယာကပဲ အသွားအပြန်လုပ်နေတာ၊ နိုဝင်ဘာထဲတောင် မှတ်ပုံတင်မပါဘဲ ရပ်ကွက်ထောက်ခံစာရယ်၊ ကြံ့ခိုင်ရေးကတ်ရယ်နဲ့ သွားလို့လာလို့ ရသေးတယ်၊ အခုပြန်မှ လက်မှတ်က ဝယ်မရပြုမရ၊ ဂိတ်ကလည်း မရောင်းရဲဘူးတဲ့၊ အရင်ဂိတ်က ကားလက်မှတ်က ၉,၀၀၀ တည်း၊ အဲ့ဟာမရတော့ တက္ကစီစီးလာတာ ၄၀,၀၀၀ ပေးခဲ့ရတယ်” လို့ ခရီးသည်တဦးက ပြောပါတယ်။

ကိုဗစ်ကာလမှာ ကားပေါ်က ခုံတွေက နှစ်ခုံကို တခုံဈေးနဲ့ လက်မှတ်ရောင်းချခဲ့ပြီး အခုချိန်မှာ ခုံအပြည့်တင်ပြီး ကားလက်မှတ် ဈေးလျေှာ့ရောင်းပေမဲ့ စီးနင်းသူမှာ မှတ်ပုံတင်မပါရင် ရောင်းချခွင့်မပြုထားလို့ ကားလိုင်းတွေမှာ လူမပါဘဲ ပြေးဆွဲနေရတယ်လို့ သိရပါတယ်။

“ညီမတို့က မှတ်ပုံတင်မပါရင် အသက်မပြည့်တဲ့သူပဲ ရောင်းပေးတယ်။ အခုကျတော့ မှတ်ပုံတင်ပါမှဆိုတော့ အရင်က ကားတစီးကို အယောက် ၂၀ ကျော်လောက် ရောင်းရရင်တောင်မှ အခုကျ‌တော့ အဲ့လောက် မရောင်းရတော့ဘူးလေ။ ပါတဲ့ခရီးသည်ပဲ ရောင်းရ‌တော့ အရင်က အယောက် ၂၀ ပါတဲ့နေရာမှာ ၁၀ ယောက် ၁၅ ယောက် ထံကုန် အဲ့လောက်ပဲပါတယ်။ မနှစ်ကနဲ့တောင် မတူဘူး။ ဒီနှစ်က လူပိုကျသွားတာပေါ့။ ဒီ မှတ်ပုံတင်ပါမှ စီးရမယ် မထုတ်ခင်ကနဲ့‌တောင် မတူဘူး။ အဲ့စာတွေထုတ်လိုက်မှ ခရီးသည်က သိသိသာသာကို ပါးတာ” လို့ ယာဉ်လိုင်းတခုက ပြောပါတယ်။

YRTC ဘက်က ဂိတ်တွေဆီကနေ ခရီးသည်အချက်အလက်တွေ အပတ်စဉ် လာယူနေတယ်လို့ သိရပြီး ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်ကို ယာဉ်လိုင်းဘက်က ဖောက်ဖျက်ပါက အရေးယူမှာဖြစ်ကာ သူတို့စစ်ဆေးတဲ့အချိန်မှာ ခရီးသည်က မှတ်ပုံတင်မပါဘဲ စီးနင်းနေတာကို တွေ့ရှိပါကလည်း ယာဉ်မောင်းရော၊ ဂိတ်ကိုရော အရေးယူမှာဖြစ်တယ်လို့ ပြောထားကြောင်း သိရပါတယ်။

ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်၊ ဝန်ထမ်းကတ် စတဲ့ကတ်တွေနဲ့လည်း ဝယ်ယူခွင့်မပေးဖို့ ညွှန်ကြားထားပြီး ကားဂိတ်တွေအနေနဲ့ မှတ်ပုံတင်မပါသူကို လက်မှတ်ရောင်းချတာကို စစ်ဆေးတွေ့ရှိပါက ပထမအကြိမ် ခေါ်ယူသတိပေးမှာဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် ယာဉ်လိုင်းကို ၃ လ၊ ၆ လ ရပ်နားမှာဖြစ်ကာ တတိယအကြိမ် ဖောက်ဖျက်ပါက ယာဉ်လိုင်းပိတ်သိမ်းတဲ့အထိ ‌အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013