တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဒုံးဥယာဉ်ကမ်းရွာအနီး ရေပြင်မှာ စက်လှေတစီး တိမ်းမှောက်ပြီး လှေပေါ်ပါလာတဲ့ အမျိုးသားသုံးယောက် သေဆုံးသွားတယ်လို့ မြိတ်ဒေသခံတွေထံက သိရပါတယ်။
ဒီဇင်ဘာ ၆ ရက်က မြိတ်မြို့ကနေ ကမ်းခြေတခုအသွား ဒုံးဥယာဥ်ကမ်းရွာအနီးမှာ လှေမတော်တဆ တမ်းမှောက်ခဲ့တာဖြစ်ပါတယ်။
မြိတ်မြို့ခံတဦးက "ကျနော်သိရသလောက် သူတို့က ကမ်းခြေမှာဘန်ဂလို ဆောက်ဖို့သွားတာပါ။ ဒီရက်ပိုင်းမှာ လှိုင်းတွေကလည်း ကြီးတယ်။ သူတို့အပါအဝင်လူ ၁၈ ယောက်ပါသွားတာ။ သူတို့ ၃ ယောက်ပဲ သေသွားတယ်။ လှိုင်းကြီးပြီး လှေမှောက်သွားတာလို့ထင်တယ်"လို့ ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၂၉ နှစ်ဝန်းကျင်အရွယ်အမျိုးသားတွေဖြစ်ပြီး သုံးယောက်စလုံးရဲ့ အလောင်းတွေကို မနေ့က ပြန်လည်တွေ့ရှိခဲ့တယ်လို့ မြိတ်ချစ်ကြည်ရေး ပရဟိတအသင်း လူငယ်တစ်ဦးက ပြောပါတယ်။
“အလောင်းသုံးလောင်းလုံးကို သင်္ဂြိုဟ်လိုက်ပြီးပြီ ၂ ရက်လောက်ကြာပြီဆိုတော့ အလောင်းတွေက တော်တော်ပျက်စီးနေပြီလေ။”
အခုလို လှေတိမ်းမှောက်သွားရတဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ မသိရသေးပါဘူး။