DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဆန် အရည်အသွေးစံသတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီးမှသာ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည်
DVB
·
December 9, 2022
မြန်မာ့ဆန် အရည်အသွေးစံသတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီးမှသာ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည်
Donate to DVB

ပြည်ပအိတ်စပို့ဆန် ဈေးကွက်ခိုင်မာဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ တင်ပို့မယ့်  မြန်မာ့ဆန်တွေကို အရည်အသွေး စံသတ်မှတ်ချက်နဲ့အညီ စစ်ဆေးပြီးမှသာ တင်ပို့မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဒီဗွီဘီကိုပြောပါတယ်။

ဆန်စပါးအသင်းချုပ် အမှုဆောင်အရာရှိတဦးက “ကျနော်တို့ ချုပ်ဆိုထားတဲ့ အရောင်းအဝယ်စာချုပ်အရပေါ့နော်။  ဆန်အရည်အသွေး စစ်ဆေးမှုနဲ့ ပတ်သတ်ပြီး ဘင်္ဂလားဒေ့ရှ်က third party inspection team (စစ်ဆေးရေးအဖွဲ့) ထားရှိပြီး သူတို့ဘက်ကလည်း စစ်ဆေးကြမှာလေ။ ဒီတော့ ကျနော်တို့ဘက်ကလည်း ဆန်တင်ပို့ရောင်းချတဲ့ လုပ်ငန်းမှာ အဆင်ပြေ ချောမွေ့ဖို့အတွက် မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနဲ့ စမ်းသပ်မှုလုပ်ငန်း လီမိတက် (Myanmar Inspection and Testing Services Ltd)ကို တာဝန်ပေးထားပြီး သူက ဝယ်ယူတာ၊ သယ်ယူတာ၊ သိုလှောင်တာ၊ ကြိတ်ခွဲတာနဲ့ တင်ပို့တာ စတဲ့ လုပ်ငန်းစဉ်တွေအတွက် အရောင်းအဝယ်စာချုပ်ပါ အရည်အသွေး သတ်မှတ်ချက်နဲ့ ညီ၊ မညီ စိစစ်သွားမယ်။ အဲ့ဒီ့လို စိစစ်ပြီးသွားမှ သင်္ဘောတင် တင်ပို့ခွင့် ရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဆန်ပြည်ပကိုတင်ပို့တဲ့ မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ ၄၈ ခုက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ မြန်မာ့ဆန်တန်ချိန် နှစ်သိန်းကျော်ကို နှစ်စဉ် တင်ပို့သွားမယ်လို့လည်း အသင်းချုပ်က ပြောပါတယ်။

မြန်မာ့ဆန်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ နှစ်စဉ် တင်ပို့နိုင်ဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားမှာ ဆန်စပါး ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) ကို ၂၀၂၂ ခုနှစ် စက်တင်ဘာက လက်မှတ်ရေးထိုးခဲ့တာပါ။

အဆိုပါ MOU အရ ၂၀၂၂ ခုနှစ် မှ ၂၀၂၇ ခုနှစ်အထိ မြန်မာ့ဆန်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ နှစ်စဉ် ဆန်တန်ချိန် အများဆုံး နှစ်သိန်းခွဲ နဲ့ ပေါင်းဆန် တန်ချိန် ငါးသောင်း တင်ပို့ခွင့် ရရှိထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဈေးကွက်ဆီ မြန်မာ့ဆန်တွေကို ပင်လယ်ရေကြောင်းကတဆင့် တင်ပို့တဲ့နေရာမှာ ရန်ကုန်ဆိပ်ကမ်းနဲ့ သီလဝါဆိပ်ကမ်းတို့အပြင် ဧရာဝတီတိုင်း ပုသိမ်စက်မှုမြို့တော် ဆိပ်ကမ်းမှလည်း တင်ပို့နေပါတယ်။

ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ပထမအသုတ်အနေနဲ့ နိုဝင်ဘာ ၂ ရက်မှ ၂၂ ရက်အထိ ဆန်တန်ချိန် ၁၀၅၆၅ တန် တင်ပို့ထားပြီးပြီလို့ စစ်ကောင်စီ ပြန်ကြားရေးသတင်းအရ  သိရပါတယ်။

ဒီနောက် ဒုတိယအသုတ်နေနဲ့  ဒီဇင်ဘာ ၁ ရက် နဲ့ ၈ ရက်နေ့တို့မှာ ဆန်တန်ချိန် ၅၂၆၀ ထပ်မံတင်ပို့ထားပြီးဖြစ်တာကြောင့် ကျန်ရှိတဲ့ပမာဏကို ဆက်လက်တင်ပို့နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဧရာဝတီတိုင်း စားသုံးသူရေးရာဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးထွန်းထွန်းက “ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းကနေ တင်ပို့ဖို့ ကျန်နေသေးတဲ့ ဆန်တွေကို အဓိကထားပြီး တင်ပို့နေပါတယ်။ ရေလမ်းကြောင်းနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဆန် အပြင် ပြောင်းကို ဝယ်ယူမယ်ဆိုရင်လည်း ဧရာဝတီတိုင်းဒေသကြီးမှာ တင်ပို့နိုင်ဖို့ အသင့်ရှိနေပါတယ်။ ဒီကနေ့(ဒီဇင်ဘာ ၈ရက်) မနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ဒုတိယအသုတ် ဆန်တင်ပို့မှုဟာ နှစ်စင်းမြောက်ထွက်ခွာတဲ့ သင်္ဘောပါ။ ဧရာဝတီတိုင်းဒေသကြီးကနေ ပင်လယ်ရေလမ်းကြောင်းနဲ့ အဆင်ပြေတဲ့ ကုန်သွယ်ဘက်နိုင်ငံတွေဆီ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းမျိုးစုံ တင်ပို့ဖို့ လျာထားပေမဲ့ ကနဦးအနေနဲ့ ဆန်ကိုပဲ အပြီးအပြတ် တင်ပို့နိုင်အောင် ကြိုးပမ်းနေပါတယ်” လို့ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စာနပ်ရိက္ခာဌာနအကြားမှာ ချုပ်ဆိုထားတဲ့ အရောင်း သဘောတူစာချုပ်အရ မြန်မာ့ဆန် (ဆန်ကွဲပါဝင်မှု ၅ ရခိုင်နှုန်း) ဧည့်မထ အမျိုးအစား တန်ချိန် နှစ်သိန်း တင်ပို့ဖို့ခွင့် ရရှိထားတဲ့အနက် လက်ရှိမှာတော့ ဆန်တန်ချိန် ၁ သိန်းကျော် တင်ပို့ထားပြီး ဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၇လတာကာလအတွင်း)မှာ မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်နဲ့ဆန်ကွဲ တန်ပို့မှုကနေ စုစုပေါင်းတန်ချိန် ၁ သန်းကျော် တင်ပို့ထားပြီး ပို့ကုန်ရဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကျော်ရရှိထားတယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာတော့ မြန်မာ့ဆန်နဲ့ဆန်ကွဲ တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၆၈၇ သန်းကျော် ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013