
မကွေးတိုင်း၊ ရေစကြိုမြို့ အမှတ် ၈၊ သုခဝတီရပ်ကွက်က ခြင်းခတ်နေတဲ့ လူငယ် အယောက် ၂၀ လောက်ကို ဒီဇင်ဘာ ၈ ရက် ညနေမှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ ရေစကြိုမြို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီလူငယ်တွေအား ရေစကြိုမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားပြီး ဒီနေ့အထိ ပြန်မလွှတ်ပေးသေးတာကြောင့် မိသားစုဝင်တွ် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
“စစ်(...)တွေက သူတို့လက်ထဲရောက်သွားရင် PDF လို့ စွပ်စွဲပြီး ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်တော့မှာဗျ။ ဘာမှအပြစ်မရှိဘဲနဲ့ လူငယ်ပိုင်းတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာဟာ သူတို့ရဲ့ လွတ်လပ်မှု၊ အနာဂတ်တွေကို ရိုက်ချိုးဖျက်ဆီးနေတာပဲ” လို့ ဒေသခံက ပြောပါတယ်။
ရေစကြိုမြို့ လမ်းဆုံ၊ လမ်းခွတွေနဲ့ မြို့ဝင်မြို့ထွက်ဂိတ်တွေမှာလည်း လုံခြုံရေး တင်းကျပ်ကာ ခရီးသွားပြည်သူတွေရဲ့ လက်ကိုင်ဖုန်းတွေကိုလည်း စစ်ဆေးပြီး PDF နဲ့ ပတ်သက်တဲ့ အချက်လက်တွေတွေ့တာနဲ့ ဖမ်းဆီးအမှုဖွင့်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၈ ရက်အထိ နိုင်ငံတဝန်း မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃,၀၆၈ ယောက်ရှိပြီး အဲဒီထဲက ၁,၆၉၇ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။