Home
မြန်မာသတင်း
မိုးညှင်းတွင် ဒုရဲအုပ် ၂ ဦးကို PDF နှင့်ဆက်နွှယ်မှုဖြင့် စွပ်စွဲပြီး စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့်
DVB
·
December 9, 2022

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားနယ်မြေရဲစခန်းက ဒုရဲအုပ် ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်သွယ်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီး အမှုဖွင့်ထားပါတယ်။

PDF နဲ့ ဆက်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နန်းမားနယ်မြေရဲစခန်းက ဒုရဲအုပ် မျိုးကျော်နဲ့ ဒုရဲအုပ် သွင်အောင်တို့ကို နိုဝင်ဘာ ၁၅ ရက်က စတင်ဖမ်းဆီးထားကာ စစ်ကြောရေးစခန်းမှာ စစ်ဆေးပြီးနောက် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ထားတာလို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဖမ်းခံထားရတဲ့ ဒုရဲအုပ်နဲ့ နီးစပ်သူတဦးက “PDF နဲ့ ဆက်သွယ်လို့ဆိုပြီး နိုဝင်ဘာ ၁၅ ရက်နေ့က ဖမ်းသွားတယ်။ ဖမ်းပြီး မိုးညှင်းစစ်ကြောရေးမှာ စစ်ဆေးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ပြီး မြစ်ကြီးနားထောင်ကို ပို့လိုက်တယ်လို့ သိရတယ်။ မိသားစုနဲ့ကတော့ ခုချိန်ထိ တွေ့ခွင့်မရသေးဘူး။ ပတ်သက်ရာ ပတ်သက်ကြောင်းတွေဆီက ကြားရတဲ့သတင်းပဲရှိတယ်” လို့ ပြောပါတယ်။

နန်းမားမြို့နယ်အတွင်း စက်တင်ဘာ ၂၉ ရက်က PDF နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ပြည်သူနှစ်ဦးရဲ့ အိမ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ လမ်းပိတ်ဆို့ပြီး ဘူဒိုဇာနဲ့ ဖြိုချဖျက်ဆီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024