Home
မြန်မာသတင်း
ထီးချိုင့်တွင် စစ်ကောင်စီတပ်က အဘိုးအို ၁ ဦးကို သတ်ဖြတ်ပြီး ကျေးရွာများကို မီးရှို့
DVB
·
December 9, 2022

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အရှေ့ဇီသောင်ရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားခဲ့ပြီး  ဒီဇင်ဘာ ၈ ရက်မနက်က ပစ်သတ်ခံထားရတဲ့ အဘိုးအို တယောက်ကိုလည်း ရွာအနီးမှာ  ရှာဖွေတွေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသတ်ခံရတဲ့ အဘိုးအိုဟာ အသက် ၈၇ နှစ်အရွယ်  အင်းတိန်ရွာသား ဦးစိန်မောင်ဖြစ်ပြီး မီးရှို့ခံရတဲ့ ဇီးသောင်ရွာက အမျိုးတွကို ကူညီထောက်ပံ့ဖို့အသွား လမ်းမှာ စစ်ကောင်စီတပ်နဲ့တွေ့ပြီး  အသတ်ခံလိုက်ရတာဖြစ်ပါတယ်။

သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်သူက“အဘိုးက အင်းတိန်ရွာသားပါ။ သူတို့ရွာကို စစ်ကောင်စီက မီးရှို့လို့ လိပ်ပုတ်ကုန်းရွာအနီးက‌ တောပြင်မှာနေထိုင်နေတဲ့ အမျိုးတွေဆီ စစ်ဘေးရှောင်လာနေတယ်။ မနေ့က ဇီးသောင်ရွာကို စစ်ကောင်စီကမီးရှို့လို့ မီးဘေးသင့်တွေကို သူ့ဆီမှာပါတဲ့ ငွေလေးသိန်းခွဲ သွားလှူတာကို စစ်ကောင်စီတပ်နဲ့တွေ့ပြီး ပစ်သတ်ခံလိုက်ရတယ်။ ငွေတွေကတော့ စစ်သားတွေယူသွားတယ်။ အလောင်းကတော့ ရွာအရှေ့ထိပ် စပါးခွံ‌ပုံပေါ်မှာ ငှက်ပျောရွက်တွေဖုံးပြီး ပစ်ထားခဲ့ကြတယ်။” လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ ထီးချိုင့်မြို့နယ်အတွင်း KIA နဲ့‌ PDF တပ်ဖွဲ့တွေ အများအပြားရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကြောင်း ၄ ကြောင်း၊ စစ်သားအင်အား ၅၀၀ လောက်နဲ့   ကျေးရွာအများအပြားကိုဝင်ရောက်  မီးရှို့နေပါတယ်။

ထီးချိုင့်မြို့နယ်ထဲမှာရှိတဲ့ ကျက်သရေချောင်းရွာကိုလည်း စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၁ ရက်ကနေ ဒီဇင်ဘာ ၈ ရက်အကြား  ၃ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ပထမအကြိမ် နေအိမ် ၁၁ လုံးနဲ့ ဒုတိယအကြိမ် ၇ လုံး ပေါင်း ၁၈ လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ကာ မနေ့က တတိယအကြိမ် မီးရှို့ခံရတာမှာ လူနေအိမ်ဘယ်လောက် မီးထဲပါသွားတယ်ဆိုတာ မသိရ‌‌သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအမျိုးသားတဦးက  “ပေါက်ကုန်းရွာကို ၇ ရက်‌နေ့က ရှို့တယ်။ ကျက်သရေချောင်းရွာ၊ ပျဉ်းစုရွာ၊ မန်ကျီးပင်ရွာ‌‌၊ သခွတ်ချောင်ရွာ၊ သစ်မှုံညိုရွာတွေကို ဒီနေ့ (ဒီဇင်ဘာ ၈ ) ရက်က ထပ်ရှို့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့တာခံရတဲ့ ကျေးရွာတွေဟာ သခွတ်ချောင်ရွာ၊ ကျက်သရေကျောင်းရွာ၊ ဆူးပုတ်ချောင်းရွာ၊ အင်းတိန်ရွာ၊ လေသာရွာ၊ ပဲခင်းရွာ၊ ရွှေချောင်းရွာ၊ ဘိုတဲကုန်းရွာ၊ အောင်သာကုန်းရွာ၊ အလယ်တောရွာ၊ အင်ကျင်းကုန်းရွာ၊ ဇီးသောင်အရှေ့ရွာ၊ ဇီးသောင်အနောက်ရွာ၊ ပျင်းစုရွာ၊ မကျီးပင်ရွာ၊ သစ်မုံညိုရွာတွေဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၈ ရက်အထိ ၁၅ ရွာ မီးရှို့ခံခဲ့ရတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ထီးချိုင့်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီနဲ့ PDF တပ်တို့ ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ မြို့နယ်အတွင်းရှိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ နေ့စဉ်ဖြစ်နေလို့ အထူးဂရုစိုက် နေထိုင်သွားလာကြဖို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေက အသိပေးထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024