
ဆိုင်ကလုန်းမုန်တိုင်း မန်းဒပ်(စ်)ကြောင့် မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ် ၇ ခုမှာ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းရွာတာတွေ ဖြစ်နိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးလေဝသဌာနက ဒီဇင်ဘာ ၈ ရက် ဒီနေ့ည ၇ နာရီမှာ ထုတ်ပြန်ပါတယ်။
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မန်းဒပ်(စ်)ဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၆၄၀ မိုင်လောက်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၇၄၀ မိုင်လောက်၊ သီရိလင်္ကာနိုင်ငံ၊ ဂျက်ဖ်နာမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၁၉၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။
မုန်တိုင်းဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိဘဲ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အမြင့်ဆုံးလေတိုက်နှုန်းဟာ ၁ နာရီ မိုင် ၅၀ ကနေ ၅၅ မိုင်နှုန်းလောက်ဖြစ်ပြီး နောက် ၄၈ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်သလို ဒီနေ့ညပိုင်းမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း မန်းဒပ်(စ်)ဟာ ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်း ပူဒူချယ်ရီနဲ့ ဆက်စပ်နေတဲ့ အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေကို ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်း ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ဒီနေ့ညကနေ နောက် ၄၈ နာရီအတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ နေရာကျဲကျဲ၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ဆိုပါတယ်။
မုန်တိုင်းအရှိန်ကြောင့် မိုးရွာတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာတွေလည်း ဖြစ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့က ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေလည်း ကြိုတင်သတိပြုနိုင်ဖို့ အသိပေးထားပါတယ်။