DVB Logo
Home
မြန်မာသတင်း
ဒေါ်လာစျေး ဆက်လက်ကျဆင်း
DVB
·
December 8, 2022
ဒေါ်လာစျေး ဆက်လက်ကျဆင်း
Donate to DVB

နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲလှယ်နှုန်း ဆက်လက်ကျဆင်းနေပြီး တဒေါ်လာကို ဝယ်ဈေး ၂,၈၁၀ ကျပ်၊ ရောင်းဈေး ၂,၈၅၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ နိုင်ငံခြားငွေကြေးရောင်းဝယ်သူတွေထံက သိရပါတယ်။

ဒေါ်လာအပေါ်မှီခိုမှု လျှော့ချတဲ့အနေနဲ့ စစ်ကောင်စီ ဗဟိုဘဏ်က နယ်စပ်ပို့ကုန် ၆ မျိုးရဲ့ ပို့ကုန်ဝင်ငွေကို ဒေါ်လာအပြင် ယွမ်ငွေ၊ ဘတ်ငွေတို့နဲ့ ပေးသွင်းခွင့်ပြုလိုက်ပြီးနောက် ဒေါ်လာစျေး တစတစ ပြန်လည်ကျဆင်းလာခဲ့တာပါ။

စီးပွားရေးလုပ်ငန်းရှင်တဦးက “မဖြစ်မနေ ဒေါ်လာရှာရတဲ့ကိစ္စ လျော့သွားတာဆိုတော့ စျေးကွက်မှာ ဒေါ်လာလိုအပ်ချက်က အရင်ထက် နည်းသွားတာပေါ့။ လိုအပ်ချက် နည်းသွားတော့ စျေးကျလာတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းက တဒေါ်လာငွေလဲနှုန်း ကျပ် ၃,၀၀၀ အထက်မှာ ရှိခဲ့ရာက အခုအခါ ၂,၈၀၀ ကျပ် ဝန်းကျင်မှာပဲ အရောင်းအဝယ်ဖြစ်နေပြီး တလကျော်အတွင်း တဒေါ်လာကို ကျပ် ၂၀၀ ဝန်းကျင်ခန့် ပြန်ကျလာခဲ့တာ ဖြစ်ပါတယ်။

ဒေါ်လာရောင်းချသူတဦးက “တဖြည်းဖြည်းဆင်းနေတာ အတော်ကြာပြီ။ တဒေါ်လာ ၃,၀၀၀ အထက်ကနေ ဆင်းလာတာ ကျနော် ဒီနေ့ရောင်းတာ ၂,၈၁၀ ပဲရခဲ့တယ်” လို့ ပြောပါတယ်။

ဒေါ်လာစျေး ကျပ် ၂,၈၀၀ ဝန်းကျင်အထိ ကျဆင်းလာခဲ့ပေမဲ့ အထွေထွေ ကုန်စည်စျေးနှုန်းတွေကတော့ အမြင့်စျေးမှာပဲ ဆက်လက်ရပ်တည်နေပါတယ်။

ရန်ကုန်မြို့နေ အိမ်ရှင်မတဦးက “ဒေါ်လာစျေးကျလို့လည်း ကုန်စျေးနှုန်းက ကျမသွားပါဘူး။ အခုထိ အကုန် စျေးကြီးပေးဝယ်နေရတုန်း။ ချမရောင်းကြပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က ငွေလဲနှုန်း တဒေါ်လာ၂,၁၀၀ ကျပ် သတ်မှတ်လိုက်ပြီးနောက် ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းက ပြင်ပဒေါ်လာစျေး ကျပ် ၄,၀၀၀ အထက်ထိ စံချိန်တင် ရောက်ရှိခဲ့ပါတယ်။

အဲဒီနောက် သြဂုတ် ၃၁ ရက်မှာ စက်သုံးဆီစျေး ကြီးမြင့်မှုကြောင့် အခြေခံကုန်စျေးနှုန်း ကြီးမြင့်လာမှုကို သာသာစေဖို့ဆိုပြီး နိုင်ငံခြားငွေကြေး စျေးကွက်ထဲကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ချထားပေးမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။ အဲဒီလို ကြေညာချက် ထုတ်ပြန်ပြီးတဲ့နောက် စက်တင်ဘာလဆန်းပိုင်းက စတင်ပြီး ဒေါ်လာစျေး တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာ စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေး ငွေပေးချေမှုကိုလည်း ဘဏ်စနစ်နဲ့သာ ဆောင်ရွက်ခွင့်ပြုထားပြီး ပို့ကုန်ရငွေနဲ့ တခြားဝင်ငွေဝင်ရောက်မှု အထောက်အထားပြနိုင်မှ သွင်းကုန်တင်သွင်းခွင့်ပြုမယ့် စနစ်ကို ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ နိုဝင်ဘာ ၁ ရက်ကစပြီး ကျင့်သုံးမယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013