DVB Logo
Home
မြန်မာသတင်း
ဦးပိုင်နှင့် MEC ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာမှု ထိရောက်ရန်လို
DVB
·
December 8, 2022
ဦးပိုင်နှင့် MEC ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာမှု ထိရောက်ရန်လို
Donate to DVB

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်ပေမဲ့ ထိရောက်ဖို့လိုတယ်လို့ စီးပွားရေးသုတေသီတွေက သုံးသပ်ပြောပါတယ်။

NUG အစိုးရရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့အနေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) နဲ့ ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့  ဒီဇင်ဘာ ၆ ရက်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ဟာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စု သက်ဆိုးရှည်စေဖို့အတွက် စီးပွားရေးလုပ်ငန်းပေါင်းစုံကို လက်ဝါးကြီးအုပ် ခြယ်လှယ်ထားပြီး နှစ်စဉ် ဘဏ္ဍာရန်ပုံငွေများစွာ ရှာဖွေထောက်ပံ့နေတာကို စိစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရရှိလာတဲ့ အကျိုးအမြတ်တွေကို အသုံးပြုပြီးတော့ အကြမ်းဖက်စစ်အုပ်စုဟာ နေ့စဉ်နဲ့အမျှ နိုင်ငံတဝန်းက အပြစ်မဲ့ပြည်သူတွေအပေါ် လူမဆန်စွာ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတာကြောင့် အဲဒီအကြမ်းဖက်အဖွဲ့အစည်းရဲ့ ပိုင်ဆိုင်မှုအားလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်အုပ်စုပိုင် ပစ္စည်းတွေအဖြစ် သတ်မှတ်ထားပြီး ဥပဒေနဲ့အညီ ထိန်းချုပ်စီမံခန့်ခွဲသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်ဟာ အကြမ်းဖက်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းတွေအပေါ် ထိရောက်မှုရှိဖို့က နိုင်ငံတကာရဲ့ အမြင်တွေကို စွဲဆောင်နိုင်ဖို့ လိုတယ်လို့ သုတေသီတွေက ထောက်ပြပြောပါတယ်။

စီးပွားရေးသုတေသီတဦးက “ထိရောက်မှု ရှိ၊ မရှိ ဆိုတာကို ကျနော်တို့က ဘာနဲ့ကြည့်ရမလဲ ဆိုတော့ နိုင်ငံတကာက NUG ကို ဘယ်လောက်အသိအမှတ်ပြုထားပြီလဲ။ ပြီးတော့ အဲ့ဒီ ကြေညာချက်တွေကိုကော နိုင်ငံတကာက ဘယ်လောက်ထိ အလေးထားသလဲ ဆိုတာတွေနဲ့ တိုင်းတာဖို့တော့ လိုတာပေါ့။ ပြောရရင် သူတို့ရဲ့ ကြေညာချက်က ဘယ်လောက်ထိ ထိရောက်မှု ရှိသလဲ။ နိုင်ငံတကာအပေါ် ဘယ်လောက်ထိ စွဲဆောင်မှုရှိသလဲ။ တကယ်လို့ပေါ့ နိုင်ငံတကာအပေါ် စွဲဆောင်မှုရှိတယ် ဆိုရင်တော့ သူတို့ကြေညာချက်က ထိရောက်မှုရှိတယ်လို့ ပြောလို့ရတယ်။ အဲ့လိုမဟုတ်ဘဲ စွဲဆောင်မှုလည်းမရှိ၊ ဟိုဘက်ကလည်း အလေးမထားဘူး ဆိုရင်တော့ ဘာမှဖြစ်မှာမဟုတ်ဘူး။ ဒါက စီးပွားရေးရှုထောင့်ကနေ ကျနော့်အမြင် ပြောတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာပြည်မှာ အရပ်သားဒီမိုကရေစီအစိုးရလက်ထက်မှာ စစ်ဗိုလ်ချုပ်ကြီးတွေပိုင်တဲ့ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားတွေ ထိခိုက်လာမှာကို စိုးရိမ်စိတ်နဲ့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ အကြောင်းရင်းတွေထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ စီးပွားရေးလေ့လာသုံးသပ်သူတဦးကတော့ “စစ်အုပ်စုတွေအနေနဲ့က ဦးပိုင်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရှင်းဟာ သူတို့အတွက် နောက်ခံကျောရိုးပေါ့။ ဒါပေမဲ့ အဲ့နှစ်ခုတည်းကို ကျနော်တို့က ကြည့်လို့မရဘူး။ ဘာလို့လဲဆို အမည်မခံဘဲနဲ့ စစ်ဗိုလ်ချုပ်အဟောင်းတွေ အသစ်တွေရဲ့ သားသမီးတွေက လုပ်နေတဲ့ စီးပွားရေးတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ပြဿနာက ဘာလဲဆို အရပ်သားအစိုးရလက်ထက်မှာ ဒီမိုကရေစီ အစစ်အမှန်နဲ့သွားရင် ဦးပိုင်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက သူတို့ရပိုင်ခွင့်တွေ လုပ်ပိုင်ခွင့်တွေက ကျဆင်းလာတော့မှာလေ။ အဲ့လို ကျဆင်းလာမှာကို စိုးရိမ်စိတ်နဲ့ စစ်တပ်က အာဏာသိမ်းရတဲ့အထဲမှာ ပါတယ်။ တကယ်လို့သာ စစ်တပ်က အုပ်ချုပ်မယ်ဆိုရင် ဒီလို စိုးရိမ်စိတ် ရှိလာစရာမလိုဘူးလေ။ စစ်တပ်က သူတို့ ဆက်ပြီး အုပ်ချုပ်မယ်ဆိုရင် သူတို့အတွက်လည်း အခွင့်အလမ်းက ပိုကောင်းလာမယ်။ အဲ့လိုမဟုတ်ဘဲ ဒီမိုကရေစီ အစိုးရကသာ အုပ်ချုပ်မယ်ဆိုရင် သူတို့ရဲ့အခွင့်အလမ်းတွေ ပိတ်လာတော့မှာလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားပြီး အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေ ကျူးလွန်နေတာကြောင့် မြန်မာစစ်အုပ်စုရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပင်မရင်းမြစ်ကြီးတခုဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် စစ်အုပ်စုကို ငွေကြေးအထောက်အပံ့ပေးနေတဲ့ Total၊ Chevron နဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေကို အရေးယူ ပိတ်ဆို့ဖို့ တောင်းဆိုတဲ့ ကမ်ပိန်းတွေ လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013