DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ် ကျေးရွာတွေ ကိုယ်ထူကိုယ်ထ လျှပ်စစ်ရဖို့ သိန်း ၁၀၀ ပေးရ
DVB
·
May 18, 2014
ကယားပြည်နယ် ကျေးရွာတွေ ကိုယ်ထူကိုယ်ထ လျှပ်စစ်ရဖို့ သိန်း ၁၀၀ ပေးရ
Donate to DVB

ကယားပြည်နယ်က ကျေးရွာတွေဟာ လျှပ်စစ်မီးရဖို့အတွက် တရွာကို သိန်းတရာစီ ပေးရတယ်လို့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ပြည်ထောင်စု အစိုးရက ကယားပြည်နယ်ကို လျှပ်စစ်ပေးနိုင်ဖို့အတွက် ကျေးရွာတွေအရောက် ဓာတ်အားလိုင်း သွယ်မပေးနိုင်တဲ့အတွက် ပြည်နယ်အစိုးရနဲ့ ဒေသခံတွေက ကိုယ်ထူကိုယ်ထ စနစ်နဲ့ လုပ်ဆောင်နေရတာပါ။

Electric-300x210ဒီနှစ်မှာ ကယားပြည်နယ်တွင်းက ကျေးရွာ ၄၇ ရွာကို လျှပ်စစ်သွယ်တန်းနိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ပြည်ထောင်စု အစိုးရက ၁၁ ကီလိုဗို့ ဓာတ်အားလိုင်းကိုပဲ သွယ်တန်းပေးတာပါ လို့ ဒီမော့ဆိုးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးမြင့်ဌေးဦးက ပြောပါတယ်။

အဲဒါကြောင့် လိုအပ်တဲ့ မီးလိုင်းတွေနဲ့ ထရန်စဖော်မာတွေအတွက် ပြည်နယ်အစိုးရက စီစဉ်နေပါတယ်လို့ ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးက ပြောပါတယ်။

လုပ်ဆောင်နေတဲ့ လက်ရှိအခြေအနေကိုတော့ ဦးစောဟူးဟူးက ဒီဗွီဘီကို အခုလို ပြောပါတယ်။

“ကိုယ်ထူကိုယ်ထ စနစ်နဲ့ ကျေးရွာ ၄၇ ရွာ မီးရရှိအောင် ကျနော်တို့ ဆောင်ရွက်တဲ့နေရာမှာ ကျေးရွာ တရွာကို သိန်း ၁၀၀ စီ ထည့်ဝင်ဖို့ ရှိပါတယ်။ သိန်း ၁၀၀ ဆိုတာ စအလုပ်လုပ်ရအောင်ပေါ့။ ဒါက အပြီးအစီးလို့ ပြောလို့ မရသေးဘူး။ တချို့ကျေးရွာလေးတွေက ငွေအပြည့်အ၀ မသွင်းနိုင်သေးတော့ လောလောဆယ် သူတို့ကို စာရင်းထဲတော့ ထည့်ထားတာပေါ့။ ပြည့်လို့ရှိရင် ဆောင်ရွက်ပေးမယ့် အနေအထားတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ပထမဦးစားပေး ဒုတိယဦးစားပေး သူတို့ကို ချပြတယ်။ အခုကတော့ သတ်မှတ်ထားတဲ့ ရက်ကျော်သွားပြီပေါ့။ တော်တော်များများ သွင်းနိုင်ပါတယ်။ မသွင်းနိုင်တာက ၁ ရွာ ၂ ရွာ ပဲရှိတယ်။”

ကျေးရွာတွေက အိမ်တိုင်းလိုလို မီတာ တပ်ဆင်ခွင့်ရနိုင်ပြီး လက်ရှိမှာတော့ မီတာလျှောက်လို့ မရသေးဘူးလို့ ဒီမော့ဆိုးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးမြင့်ဌေးဦးက ပြောပါတယ်။ ၁၁ ကီလိုဗို့ ဓာတ်အားလိုင်း သွယ်တန်းတာကတော့ ၉၀ ရာခိုင်နှုန်းပြီးစီး နေပါပြီလို့လည်း သူက ဆက်ပြောပါတယ်။

အခုလို လျှပ်စစ်သွယ်တန်းပေးတဲ့အပေါ်မှာ ဒီမော့ဆိုးမြို့နယ် ဒေသခံ မရှားမြာက ဒီဗွီဘီကို အခုလို ပြောပါတယ်။

“တရွာကို သိန်း ၁၀၀ ကောက်တယ်ပေါ့နော်။ ရွာ ဘယ်လောက် ငယ်ငယ်၊ ဘယ်လောက် ကြီးကြီး အိမ်ခြေ နည်းတာ ကြီးတာ မပြောဘူး။ တရွာကို သိန်း ၁၀၀ သတ်မှတ်ထားတယ်တဲ့။ သူတို့က ဘာတွေ လုပ်ပေးလဲဆိုတော့ အခုဆို တိုင်တွေလာချပေးပြီ ဒါပေမယ့် မီးတော့ မရသေးဘူး။ သိန်း ၁၀၀ ဆိုတာက ရွာသူကြီးတွေ ပြောတဲ့အရ ဒီရွာထဲမှာ ဖြတ်သွားတဲ့ မီးတိုင်တို့ မီးကြိုးတို့အတွက်လို့ ပြောတယ်။ ရွာကလူတွေက သိပ်မပေးချင်ဘူး။ ဒါပေမယ့် အခွင့်အရေးက ဒီတခေါက်ပဲ ရတယ်ဆိုတော့ ပေးလိုက်ရတယ်။”

မြန်မာနိုင်ငံရဲ့ လေးပုံ သုံးပုံလောက်ဟာ မဟာဓာတ်အားလိုင်းက လျှပ်စစ်ဓာတ်အား မရရှိဘူးလို့ မဲခေါင်ဒေသ စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013