
မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ တောင်ကိုင်းကျေးရွာအနီး ဒုဋ္ဌဝတီမြစ်အတွင်း ရေချိုးရာကနေ လူငယ် ၂ ဦး ရေနစ်ပျောက်ဆုံးခဲ့ရာ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းမှာ တဦး ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
ရေနစ်ပျောက်ဆုံးသူ အမျိုးသား ၂ ဦးဟာ အသက် ၂၀ ကျော်ဝန်းကျင် လူငယ်တွေဖြစ်ပြီး ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ရေနစ်ပျောက်ဆုံးသူ လူငယ်အမျိုးသား ၂ ဦးကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း - မန္တလေးတိုင်းဒေသကြီးရဲ့ Rescue Diver Team (Myanmar) က ရှာဖွေခဲ့ပြီး တဦးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း - မန္တလေးတိုင်းဒေသကြီးမှ တာဝန်ရှိသူတဦးက “မနေ့က ၃ နာရီလောက်က ရေနစ်သွားတာလို့ ရုံးကို ဖုန်းဆက်အကူအညီတောင်းတယ်။ မနေ့ညကလည်း တခါငုပ်တယ်။ အခုမနက် ၈ နာရီကနေ ထပ်ငုပ်ပြီးရှာတယ်။ ၁၀ နာရီလောက်မှာ တဦးတွေ့ပြီး ထပ်လည်းရှာနေတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၃၀ ရက်ကလည်း အသက် ၂၁ နှစ်အရွယ် အမျိုးသားတဦး ဒုဌဝတီမြစ်အတွင်း ရေဆင်းကူးရာကနေ သေဆုံးမှု ဖြစ်ခဲ့ပါသေးတယ်။