
ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း KNDF ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း-၆ က ဒီဇင်ဘာ ၇ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်ဟာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၆ မှ ရဲဘော်ပေတရု ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နေ့က သေးဆူလဲကျေးရွာ တိုက်ပွဲအတွင်း ကျဆုံးခဲ့တာလို့ သိရပါတယ်။
သူ့ရဲ့ ဈာပနကို ဒီဇင်ဘာ ၃ ရက်နေ့က ရဲဘော်ရဲ့ မိဘတွေရှိတဲ့ မွေးရပ်ဇာတိမြေမှာ ရိုးရာဓလေ့အတိုင်း ပြုလုပ်ပေးခဲ့တယ်လို့ KNDF တပ်ရင်း-၆ က ပြောပါတယ်။
အလားတူ ဖရူဆိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့ မိုင်းနင်းမိဒဏ်ရာရထားတဲ့ KNDF တပ်ရင်း-၄ မှ ရဲဘော်ဂျေးရုမ်းဟာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အဆက်မပြတ် ထပ်မံပစ်ခတ်မှုကြောင့် ကျဆုံးသွားတယ်လို့ သိရပါတယ်။
KNDF တပ်ရင်း-၄ ဟာ အဖွဲ့စတင်ဖွဲ့စည်းချိန်ကစပြီး တိုက်ပွဲတိုင်းမှာ အကျအဆုံးမရှိ အောင်ပွဲဆင်နိုင်ခဲ့ပြီး ရဲဘော်ဂျေရုမ်းဟာ KNDF တပ်ရင်း-၄ ရဲ့ ပထမဆုံး ကျဆုံးရဲဘော် ဖြစ်ပါတယ်။
ကရင်နီဒေသမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ တိုက်ပွဲပေါင်း ၅၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း KNDF၊ PDF၊ KA မှ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈၄ ဦး ကျဆုံးခဲ့တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။