DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူနှင့် ပုလဲတွင် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ကနီတွင် စစ်တပ်နှင့် PDF တိုက်ပွဲဖြစ်
DVB
·
December 8, 2022
ကန့်ဘလူနှင့် ပုလဲတွင် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ကနီတွင် စစ်တပ်နှင့် PDF တိုက်ပွဲဖြစ်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဒီဇင်ဘာ ၇ ရက် နေ့လယ် ၁၂ နာရီကျော်လောက်က ပျူစောထီးအဖွဲ့ယာဉ်တန်း ကား ၅ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

အဲ့ဒီယာဉ်တန်းမှာ ပျူစောထီးအဖွဲ့အင်အား ၁၅၀ လောက် လိုက်ပါလာပြီး ကန့်ဘလူမြို့နယ်အတွင်းက လမ်းမှန်ကျေးရွာအနောက်ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

MDF ကန့်ဘလူစွန်ရဲအဖွဲ့ တာဝန်ရှိသူတဦးက “မှော်တော်ရွာက သင်္ကန်းဝတ် ပျူခေါင်းဆောင် ဝါသဝရဲ့ တပည့်တွေပေါ့၊ တန့်ဆည်ဘက်က ပျူစခန်းရှိတဲ့ ကျွန်းလည်ရွာနဲ့ ကန့်ဘလူဘက်က ပျူရွာတွေကို ဆက်သွယ်ထားတဲ့ မူးမြစ်ကူးအသားတံတားကို ပြန်ပြင်ဖို့ စပယ်နံ့သာလမ်းပိုင်းက ကျွန်းတောကို ကျွန်းပင်ခုတ်ဖို့ရာ လာကြတာပါ။ အဲ့ဒါကို လမ်းခုလတ်မှာ Death Broom Mile တွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ အသေအပျောက်နဲ့ ဒဏ်ရာရတာတွေ ရှိပါတယ်။ ဒါပေမဲ့ အသေးစိတ်အခြေအနေကိုတော့ စုံစမ်းနေဆဲပါ” လို့  ပြောပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ထိခိုက်သေဆုံး ဒဏ်ရာရသွားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို လူမှုရေးကား ၂ စီးနဲ့ လာရောက်သယ်ယူသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်ကလည်း ကန့်ဘလူမြို့နယ် လမ်းမှန်ကျေးရွာအနောက်ဘက်မှာ ဆီဘောက်ဆာကားကို လုံခြုံရေးလိုက်ပါပေးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံးခဲ့ပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူစခန်း အရှေ့ဘက်လမ်းခွဲ၊ အကြော်ဆိုင်ဟောင်းအနီး ကင်းလှည့်နေတဲ့ ပျူစောထီးအဖွဲ့ကို ဒီဇင်ဘာ ၇ ရက် ည ၆ နာရီလောက်မှာ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

မြန်မာ့တော်ဝင်နဂါးတပ်မတော် (MRDA) ပြောရေးဆိုခွင့်ရှိသူက “ညကင်းလှည့်တဲ့ ပျူတွေကို ပစ်နိုင်ခဲ့တယ်။ သူတို့ ထင်မှတ်မထားတဲ့ နေရာကနေ အလစ်ဝင်ရောက် ပစ်နိုင်ခဲ့တယ်ဗျ။ နေရာတင် ၃ ဦးသေတယ်။ ကိုယ့်ဘက်ကတော့ အကျအဆုံး မရှိခဲ့ဘူး” လို့ ပြောပါတယ်။

ပုလဲမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေ စခန်းချထားတဲ့ အင်မထီး၊ ဇီးဖြူကုန်း စတဲ့ကျေးရွာတွေကို တော်လှန်ရေးအဖွဲ့တွေက အကြိမ်ကြိမ်ပစ်ခတ်နေတာကြောင့် ထိခိုက်ကျဆုံးရှိတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆင်ဆန်းကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဒီဇင်ဘာ ၇ ရက် ညနေ ၃ နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

ကနီမြို့နယ် ရေလယ်ကျွန်းရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဆင်ဆန်းကျေးရွာအနီး ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့တာလို့ ယင်းမာပင်ခရိုင် တပ်ရင်း-၃၀ DRPA အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“တိုက်ပွဲဖြစ်ရတာက စခတွေဖမ်းထားတဲ့ တော်လှန်ရေးသမားတဦး ထွက်ပြေးတာကို ဒီကောင်တွေ အင်အား ၅၀ နဲ့ လိုက်ပစ်ရင်း ကျနော်တို့ DRPA အဖွဲ့နဲ့ ထိပ်တိုက်တိုးပြီး ပစ်ခတ်မှုဖြစ်တာဗျ။ ပထမက ဒီကောင်တွေ လက်နက်ကြီးတွေနဲ့ ကျနော်တို့တပ်ရင်းရှိတဲ့ ဘက်ကို ပစ်ခတ်ဝင်လာတယ်။ အဲလိုကနေ တိုက်ပွဲက သူပစ်၊ ကိုယ်ပစ် ဖြစ်ခဲ့တယ်။ နောက်ပိုင်း စခနဲ့ ပျူတွေ နောက်ပြန်ဆုတ်သွားတယ်။ အကျအဆုံးကတော့ မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ အကျအဆုံး မရှိခဲ့ဘူး။ စခတွေလက်ထဲက ထွက်ပြေးလာတဲ့ သူကတော့ ခြေထောက်ဒဏ်ရာ အနည်းငယ်တော့ ပေါက်ပြဲလောက်ဖြစ်တယ်။ အသက်အန္တရာယ်အတွက် မစိုးရိမ်ရဘူး။”

ကနီမြို့နယ်အတွင်း ရေလယ်ကျွန်းကျေးရွာဟာ စစ်ကောင်စီအထိုင်ချပြီး ပျူစောထီး သင်တန်းတွေ သင်ကြားပေးနေတဲ့ ကျေးရွာဖြစ်သလို ရွာသားတွေကိုလည်း စစ်ကောင်စီက လက်နက်တွေ ထုတ်ပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ရေလယ်ကျွန်းကျေးရွာဟာ ပျူစောထီးသင်တန်းပြီးတိုင်း လက်တွေ့သင်တန်းဆင်းခိုင်းပြီး အနီးပတ်ဝန်းကျင်က သရက်တောရွာ၊ ငါးဖျက်တောတိုက်၊ မုဌောတောတိုက်က တောထဲနေ ပြည်သူတွေကို အနိုင်ကျင့်တာကြောင့် တောင်သူတွေ ထွက်ပြေးနေရကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013