ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မင်းခမောက်ကျေးရွာမှ အဝေးသင်တက္ကသိုလ် ဒုတိယနှစ်ဖြေဆိုပြီး ပြန်လာတဲ့ ကျောင်းသားတယောက်နဲ့ အဖော်လိုက်လာသူ မင်္ဂလာညွှန့်ကျေးရွာ ဒေသခံတယောက်ကို မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)/(၂) နဲ့ မောင်တောမြို့နယ် တရားရုံးမှာ တရားစွဲထားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
တရားစွဲခံရသူတွေကတော့ မင်းခမောက်ကျေးရွာမှ အဝေးသင်တက္ကသိုလ် သမိုင်းမေဂျာ ဒုတိယနှစ်ကျောင်းသား မောင်ဆန်းဌေး ၂၇ နှစ်နဲ့ သူနဲ့အဖော်လိုက်ပါလာသူ မင်္ဂလာညွှန့်ကျေးရွာမှ မောင်ခင်ဇော် ၂၈ နှစ်တို့ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်က အိမ်ပြန်လာစဥ် အမှတ် ၁ နယ်ခြားစောင့်တပ်ဖွဲ့၊ ကျီးကန်းပြင်ဌာနချုပ် စစ်ဆေးရေးဂိတ်မှာ မသင်္ကာလို့ ဖမ်းဆီးခံခဲ့ရပြီး တလကျော်အကြာမှာ တရားစွဲခံရတာပါ။

မောင်ဆန်းဌေးနိုင်ရဲ့မိခင် ဒေါ်မနုစိန်က “အမှုဖွင့်တာလည်း ကျမတို့ မသိလိုက်ပါ။ ကျမတို့သိတဲ့အချိန်မှာ တရားစွဲတင်ထားပါပြီ။ လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့ ရုံးချိန်းလို့သိရပါတယ်” လို့ ပြောပါတယ်။
သူတို့နှစ်ဦးကို ရိုက်နှက်စစ်ဆေးတာတွေရှိပြီး ထမင်းစားစရိတ်တွေ ပေးရသလို ကိုဗစ်စစ်ဆေးဖို့အတွက်ဆိုပြီး ငွေကျပ် ၄၀,၀၀၀ လည်း ပေးလိုက်ရကြောင်း၊ လက်ရှိ သူတို့ နှစ်ဦးကို ဘူးသီးတောင်ထောင်မှာ ချုပ်နှောင်ထားကြောင်း မိခင်ဖြစ်သူ ဒေါ်မနုစိန်က ပြောပါတယ်။
“ထမင်းစရိတ် ပေးရတာက ကိစ္စမရှိပါ။ ကျမသားက တက္ကသိုလ်တက်ပြီး ပြန်လာတာ ကိုဗစ်စစ်ဆေးပြီးသား အထောက်အထားတွေ ရှိပြီးသားပါ။ အခုက ကိုဗစ်စစ်ဆေးရမယ် ဆိုပြီး ငွေလေးသောင်းတောင်းသွားတယ်။ အခု သူတို့ကို ဘူးသီးတောင်ထောင်မှာ ချုပ်ထားတယ်လို့ သိရပါတယ်။”
အလားတူ မောင်တောမြို့ ကရုဏာကွန်ရက်အသင်း ဘဏ္ဍာရေးမှူးနဲ့ KNN ရေသန့်စက်ပိုင်ရှင်တို့ကိုလည်း မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)/(၂) နဲ့ တရားစွဲတင်ထားပြီး ထွက်ပြေးနေသူ ၂ ဦးကို ဖမ်းဝရမ်းထုတ်ထားကြောင်း တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရခိုင်မှာ တကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ အောက်တိုဘာလမှ နိုဝင်ဘာ ၂၃ ရက်အထိ ဒေသခံ ၃၂၄ ဦး ဖမ်းဆီးခံခဲ့ရပြီး ၈၅ ဦး ပြန်လည်လွတ်မြောက်လာပေမဲ့ လက်ရှိ ၂၃၉ ဦး ကျန်ရှိနေသေးတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရ ခိုင်သုခက ပြောဆိုထားပါတယ်။