DVB Logo
Home
မြန်မာသတင်း
ဗြိတိန် ဆရာဝန်လေး ပြန်ပြောပြတဲ့ မြန်မာပြည်ထဲက ထိတ်လန့်ဖွယ်ရာ လေကြောင်းဗုံးကြဲမှု အတွေ့အကြုံ
DVB
·
December 8, 2022
ဗြိတိန် ဆရာဝန်လေး ပြန်ပြောပြတဲ့ မြန်မာပြည်ထဲက ထိတ်လန့်ဖွယ်ရာ လေကြောင်းဗုံးကြဲမှု အတွေ့အကြုံ
Donate to DVB

မြန်မာပြည်တွင်း ရှေ့တန်းတနေရာမှာ စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်လုပ်ကိုင်ပေးခဲ့တဲ့ ဗြိတိန်နိုင်ငံသား နယူးကာဆယ်မြို့သား ဆရာဝန် လူငယ်လေးတယောက်ဟာ ထိတ်လန့်ဖွယ်ရာ လေကြောင်းဗုံကြဲတိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတဲ့ အကြောင်းတွေကို ယူကေဒေသတွင်း သတင်းဌာနတခုကို ပြန်လည်ပြောပြခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ဒက်ကလန် စတော့ကယ်ဟာ သူအလုပ်လုပ်ကိုင်နေတဲ့ တော်ဝင်ဆန်းဒါးလန်းဆေးရုံကနေ ရက်သတ္တပတ် ၅ ပတ်ကြာခွင့်ယူပြီး မြန်မာနိုင်ငံအရှေ့ခြမ်း တောတွင်းတနေရာက ဆေးခန်းလေးတစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ် လာရောက်ဆေးကုသ ပေးခဲ့ပါတယ်။

ဒက်ကလန်ဟာ ဒီလိုအရေးပါတဲ့ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို  အရင်ကလည်း သွားရောက်လုပ်ဆောင်ခဲ့ဖူးပြီး  ပြည်တွင်းစစ်တွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံထဲကို အောက်တိုဘာလထဲမှာ ပြန်လည်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်တဲ့ Free Burma Rangers နဲ့အတူ စေတနာဝန်ထမ်းအဖြစ် လိုက်ပါဆောင်ရွက်ရင်း ဆေးရုံဆေးခန်းနဲ့ အပြစ်မဲ့အရပ်သားတွေအပေါ်ကို စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာတွေကို ကြုံတွေ့ခဲ့ရချိန်မှာ ထိတ်လန့်တုန်လှုပ်မိကြောင်း ပြန်လည်ပြောပြရင်း ယူကေအစိုးရကိုလည်း  မြန်မာပြည်သူတွေကို အကူအညီပေးဖို့ တောင်းဆိုလိုက်ပါတယ်။ 

“အဲဒီနေရာက ဆေးခန်းတွေမှာ ကျနော်သွားကူပေးတာ သုံးကြိမ်ရှိပြီ။ အရင်အခေါက်တွေတုန်းကတော့ တိုက်ပွဲတွေရှိမနေတော့ အဲဒီနေရာတွေဟာ လုံခြုံသေးတယ်။ အခုတစ်ခေါက်မှာတော့ အများကြီး ပြောင်းလဲသွားပြီ။ အန္တရာယ်လည်း တော်တော်များတယ်” လို့ ဒက်ကလန်က ပြောပါတယ်။ 

“ကျနော်နေခဲ့တဲ့ နောက်ဆုံး နှစ်ပတ်မှာ အခြေအနေတွေက ပိုဆိုးလာတယ်။ တစ်ညမှာဆိုရင် ညသန်းခေါင်ကြီး၊ ကျနော်တို့စခန်းအပေါ်ကနေ အနိမ့်ပျံလာတဲ့ ဂျက်လေယာဉ်တွေရဲ့ အသံကိုကြားပြီး ကျနော် နိုးလာတယ်။ ကျနော်တို့နဲ့ အတူနေတဲ့ သူငယ်ချင်းတစ်ယောက်က သွားမှဖြစ်တော့မယ်လို့ပြောတာနဲ့ ကျနော်တို့ ဗုံးခိုကျင်းထဲမှာ သွားပုန်းနေကြတယ်။ အထဲမှာ ထိုင်နေရင်း ဂျက်လေယာဉ်တွေဝဲပျံနေတဲ့ အသံကို နှစ်နာရီလောက်ကြားနေရတယ်။ နောက်တော့ ကျနော်တို့နဲ့ နီးနီးလေးမှာပဲ ဗုံးကြဲချတဲ့အသံတွေကြားရတယ်။”

“အသံတွေငြိမ်သွားပြီးတဲ့နောက် တော်တော်ကြာတဲ့အခါမှ ကျနော်တို့ ပြန်အိပ်လိုက်ကြတယ်။ မကြာပါဘူး၊ နောက်နှစ်နာရီလောက်နေတော့ နောက်လေယာဉ်တစ်စီးထပ်လာလို့ ကျနော်တို့ ဗုံးခိုကျင်းထဲပြန်သွားရတာပဲ။ ဒါပေမဲ့ အဲဒီတစ်ခေါက်ကျတော့ ဂျက်လေယာဉ်မဟုတ်တော့ဘူး။ ကျနော်တို့ စခန်းတွေကို ဓာတ်ပုံလာရိုက်တဲ့ ကင်းထောက်လေယာဉ်။”

“အဲတော့ နောက်ညမှာ စခန်းကို ဗုံးလာကြဲမလားဆိုပြီး အားလုံးက စိတ်ပူသွားတယ်။ အဲတာနဲ့ ကျနော်တို့အားလုံး တောထဲကိုရွှေ့ပြီး ယာယီပုခက်တွေ၊ ယာယီတဲတွေနဲ့ အိပ်ရတယ်။ ကျနော်လည်း အတွေ့အကြုံများတဲ့ဆေးအရာရှိတစ်ယောက်နဲ့ တောထဲကိုရွှေ့ပြီး ပုခက်တွေနဲ့ အိပ်ရင်းစောင့်နေရတယ်။ နောက်ထပ်ဂျက်လေယာဉ်တွေ လာ မလာဆိုတာ ဘယ်သူမှ မသိကြဘူး။”

“တော်တော်တုန်လှုပ်စရာကောင်းတဲ့ အတွေ့အကြုံပါ၊ နေ့စဉ် အဲဒီလိုအခြေအနေနဲ့ နေနေရတဲ့ လူတွေအများကြီးရှိသေးတယ်။ သူတို့ကစခန်းကို ပြန်မလာရဲတော့ တောထဲကနေ အခြေအနေကို စောင့်နေကြရတယ်။” လို့ သူ့ရဲ့အတွေ့အကြုံတွေကို ဒက်ကလန်က ပြန်ပြောပြပါတယ်။

နယူးကာဆယ် ဆင်ခြေဖုံး ဂေ့ါစ်ဖို့သ်က နေအိမ်ကိုရောက်အောင်ပြန်လာခဲ့ပြီးတဲ့နောက် သူ့ရဲ့အတွေ့အကြုံတွေကို ပြန်လည်ပြောပြခြင်းအားဖြင့် မြန်မာနိုင်ငံက အရပ်သားတွေ ကြုံတွေ့ခံစားနေရတဲ့ ဘေးဒုက္ခတွေကို ကမ္ဘာအရပ်ရပ် လူတွေပိုပြီး သတိထားမိလာကြအောင်လုပ်ပေးနိုင်လိမ့်မယ်လို့ သူက မျှော်လင့်ထားပါတယ်။

အခုချိန်မှာတော့ ယူကေအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုထားပြီး မြန်မာနိုင်ငံကို ကမ္ဘာ့နိုင်ငံအသီးသီးက လက်နက်ရောင်းချတာနဲ့ လေယာဉ်ဆီရောင်းချတာတွေကို ပိတ်ဆို့တာဆီးတာ အပါအဝင် မြန်မာစစ်တပ်ကို တားဆီးနိုင်မယ့် ဆောင်ရွက်ချက်တွေ အကောင်အထည်ဖော်ကြစေချင်တယ်လို့ ဒက်ကလန်က ပြောပါတယ်။  

“သူတို့ ဗုံးကြဲတဲ့ နေရာတွေက ဘုရားကျောင်းတွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေလို အရပ်သားတွေအများစုနေတဲ့ နေရာတွေဖြစ်နေတယ်။ မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်းတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေကြတာဖြစ်တယ်” လို့ ဒက်ကလန်က ပြောတဲ့အကြောင်း နယူးကက်ဆယ် အခြေစိုက်  Chronicle Live သတင်းမှာ ဖော်ပြထားပါတယ်။

Ref- Chronicle Live

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013