မကွေးတိုင်း ထီးလင်းမြို့နယ်မှာ စစ်ရှောင်ပြည်သူ ၄ ယောက်ကို စစ်ကောင်စီ စစ်ကြောင်းက ဒီဇင်ဘာ ၇ ရက်နေ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထီးလင်းမြို့နယ် ရွှေအောင်သာ အထိုင်စခန်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်း ပျူစောထီးအဖွဲ့ဟာ မနေ့ မွန်းတည့် ၁၂ နာရီလောက် တင်းချောင်းရွာနားက တောထဲက တဲမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူ ၄ ယောက်ကို ဖမ်းဆီးသွားကြတယ်လို့ တင်းချောင်းရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ တင်းချောင်းကျေးရွာက ကိုဆန်းဝင်း၊ ကိုဖိုးစိုးကြီး၊ ကိုအောင်အောင်နဲ့ ကိုမျိုးမင်းဆွေတို့ဖြစ်ကြပြီး ရွှေအောင်သာ တပ်စခန်းကို ခေါ်သွားကာ ဒီဇင်ဘာ ၈ ရက်နေ့ မနက်အထိ ပြန်လွှတ်မပေးသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ထီးလင်းမြို့ပေါ်မှာလည်း မြို့ဝင်၊ မြို့ထွက် ဂိတ်တွေမှာ ကင်းတွေချထားပြီး တင်းတင်းကြပ်ကြပ် စစ်ဆေးနေသလို လက်ကိုင်ဖုန်းတွေကိုလည်း စစ်ဆေး ဖမ်းဆီးနေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၇ ရက်နေ့အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃၀၆၀ ယောက်ရှိပြီး အဲဒီထဲက ၁၆၈၆ ယောက်ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီဇင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။