DVB Logo
Home
မြန်မာသတင်း
နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့် ဒီပဲယင်းနှင့် ကျွန်းလှမြို့နယ်က ပြည်သူများ အကူအညီလိုအပ်နေ
DVB
·
December 8, 2022
နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့် ဒီပဲယင်းနှင့် ကျွန်းလှမြို့နယ်က ပြည်သူများ အကူအညီလိုအပ်နေ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့လို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသူတွေဟာ စားနပ်ရိက္ခာ အဝတ်အထည်နဲ့ စောင်တွေ အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ကာ တပတ်အတွင်း ဒီပဲယင်း အရှေ့ခြမ်းကကျေးရွာ ၁၀ ရွာ နီးပါးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အင်ပင်ရွာ ဒေသခံတဦးက “ဒီဇင်ဘာ ၁ ရက်နေ့လောက်ကစပြီး ပျူစောထီးနဲ့ စစ်သားအင်အား ၁၀၀၀ ကျော်လောက် ရောက်လာပြီး ရွာထိပ်ကစ မီးရှို့တယ်။ ဒီဘက်မှာ စစ်ဖြစ်နေတာမရှိဘဲ အကြောင်းမဲ့သက်သက် ရှို့တာ။ မီးရှို့တော့လည်း  နိုင်သမျှပစ္စည်းလေးယူပြီး ဘေးလွတ်ရာ ပြေးရတာပဲ။ ကျေးရွာ ၁၀ ရွာလောက်က ပြည်သူ ၁၀၀၀၀ ကျော်လောက် ဘေးလွှတ်ရာပြေးနေရတယ်။ အဓိက လိုအပ်နေတာက စားနပ်ရိက္ခာ၊ အဝတ်အထည်၊ စောင်ရယ်၊ လိုအပ်နေတယ်” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်က မီးရှို့ခဲ့လို့ ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းက ပျော်ဘွယ်၊  မစိုးရိမ်၊ ညောင်လှ၊ ကုန်းကြီး၊  နများ၊  ယဉ်ကျေး၊ မူးရိုးကုန်း၊  အင်ပင် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ၁ သောင်းကျော်ဟာ နီးစပ်ရာဘုန်းကြီးကျောင်းတွေနဲ့ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရပါတယ်။‌

ဒီပဲယင်းမြို့မှာ စစ်ကောင်စီတပ်က နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် မူရိုးကုန်းကျေးရွာ၊ နများကျေးရွာက ဒေသခံပြည်သူ ၇ ဦးနဲ့ မရန်ကန်ကျေးရွာက သံဃာတပါးကို လူဝတ်လည်း ဖမ်းဆီးခဲ့ပါတယ်။ ဒေသအတွင်းမှာတော့ ပြည်သူ ၂၀ ဦးထက်မနည်း စစ်ကောင်စီတပ်က မတရား ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အင်တိုင်းကျေးရွာမှာလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၁၄၃ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၆ ရက် မနက်က စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀၀ လောက်ဟာ အင်တိုင်းကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ညနေ ၃ နာရီခွဲခန့်မှာ ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

“တန့်ဆည်မြို့နယ်၊ ပုတီးရွာကို မီးရှို့သွားခဲ့တဲ့ စကစစစ်ကြောင်းက ဒီဘက်ကို ရောက်လာတာပါ။ အဲဒီနေ့ မနက်ကတည်းက အင်တိုင်းရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်လာတာ။ ရွာက လူတွေကတော့ အကုန်ပြေးရတာပေါ့ဗျာ။ နောက်ပြီး ရွာထဲရှိတဲ့ အိမ်တွေက သူတို့လိုချင်တဲ့ ပစ္စည်းတွေကို တနေကုန် မွှေနှောက်ရှာဖွေယူပြီးမှ ညနေပိုင်းမှာ မီးရှို့သွားကြတာ။ ရွာအိမ်ခြေတဝက်ကျော်လောက် မီးထဲပါသွားပြီ " လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီနေ့က အင်တိုင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်မီးရှို့တာဟာ စစ်ကောင်စီတပ်ရဲ့ ခမရ ၃၆၁ နဲ့ ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့တွေဖြစ်တယ်လို့ သိရပြီး အင်တိုင်းကျေးရွာနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အင်တိုင်းကျေးရွာဟာ အိမ်ခြေ ၂၇၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပြီး နေအိမ်တွေ မီးရှို့ပြီးနောက် စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၇ ရက်နေ့ မနက် ၈ နာရီခွဲလောက်မှာ အင်တိုင်းကျေးရွာကနေ တပ်စွဲရာ သဖန်းဆိပ် ဆင်ဆွယ်စခန်းဘက် ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ အင်တိုင်းကျေးရွာဒေသခံပြည်သူအများစုဟာ ‌စစ်ကောင်စီတပ် မိုင်းထောင်သွားမှာကို စိုးရိမ်နေကြတဲ့အတွက် ရွာအတွင်း ပြန်မဝင်ရဲကြသေးဘဲ နီးစပ်ရာတောထဲမှာပဲ ခိုလှုံနေရတယ်လို့ သိရပါတယ်။

ရရှိထားတဲ့ စာရင်းတွေအရ  ၂၀၂၂ ခုနှစ်အတွင်း ဒီဇင်ဘာ ၆ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေရဲ့ မီးရှို့မှုကြောင့် ကျွန်းလှမြို့နယ်ရှိ ကျေးရွာပေါင်း ၁၂ ရွာမှ ပြည်သူ့နေအိမ်အလုံးပေါင်း ၇၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013