
သာကေတမြို့နယ် ၈ ရပ်ကွက် နဝရတ် ၁ လမ်းထိပ်မှာ ဒီဇင်ဘာ ၇ ရက်နေ့ ညကိုးနာရီဝန်းကျင်က အမျိုးသားတဦး သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
နဝရတ် ၁ လမ်းထိပ်မှာ အကြော်ရောင်းနေတဲ့ ဦးရဲစိန် ဆိုသူကို ဆိုင်ကယ်စီးလာသူတဦးက မနေ့ည ၉ နာရီလောက် သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူက ပြောပါတယ်။
“သေနတ်နဲ့ နှစ်ချက်ပစ်သွားတာ နောက်ကျောကိုထိသွားတယ်၊ သေတော့မသေဘူး။ စစ်တပ်က ရောက်လာပြီး ဆေးရုံကိုပို့လိုက်တယ်။”
သေနတ်နဲ့ပစ်ခတ်ခံရသူမှာ ရပ်ကွက်နေသူအချို့ရဲ့ ပြောပြချက်အရ သတင်းပေးတဦးဖြစ်တယ်လို့ သိရပေမဲ့ ဒီဗွီဘီ သတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ရဲတွေဟာ အမှတ် ၈ ရပ်ကွက်အတွင်းရှိ လမ်းအချို့နဲ့ နဝရတ် ၁ လမ်းထိပ်ကို ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ရန်ကုန်က မြို့နယ်အချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်နေ့အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၁၂ ကြိမ်ဖြစ်ခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။