
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးတဲ့ကျေးရွာ ၁၀ ရွာ အထိ ရှိလာပြီလို့ ဒေသခံတဦးက ပြောပါတယ်။
ထီးချိုင့်-အင်းတော် ကားလမ်းဘေးရှိ လေသာကုန်းရွာ အနောက်က အောင်သာကုန်းရွာကို ဒီဇင်ဘာ ၇ ရက်နေ့ မနက် ၇ နာရီလောက်က စတင်ပြီးမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
“ဒီနေ့မနက် ၇ နာရီလောက်ကနေ လေသာရွာအနောက်ကရွာကို ထပ်ရှို့နေပြန်ပြီ၊ နေ့တိုင်းလိုလိုမီးရှို့နေကြတာ။ ဘာကြောင့် အဲလိုတွေ လိုက်ရှို့နေတာလဲ မသိတော့ဘူး။ လွန်ခဲ့တဲ့ လကုန်လောက်ကနေဆိုရင် အခု ၁၀ ရွာလောက်ကို ရှို့လိုက်ပြီ၊ အိမ်ခြေတွေတော့ တော်တော်များပြီ။ အဲဒီလေသာရွာကော၊ သွားကြည့်လို့ မရတော့ ဘယ်အိမ်ပါသွားလဲတော့ မသိသေးဘူး” လို့ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ် ဝင်ရောက် မီးရှို့ဖျက်ဆီးနေတာကြောင့် အောင်သာကုန်းရွာနဲ့ အနီးပတ်ဝန်းကျင်က ပြည်သူတွေလည်း နီးစပ်ရွာလုံခြုံတဲ့နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အောင်သာကုန်းရွာပတ်ဝန်းကျင်မှာတော့ တိုက်ပွဲတွေ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်သာတွေကသာ ရွာထဲကို သေနတ်တွေ ပစ်ဖောက်ပြီး ဝင်လာတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းသုံးကြောင်းနဲ့ ထီးချိုင့်မြို့အနီး ပတ်ဝန်းကျင်က ကျေးရွာတွေမှာ ပြည်သူတွေကို ဖမ်းဆီးတာ၊ နေအိမ်တွေကို လိုက်လံမီးရှို့တာတွေ ဆက်တိုက်ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ထီးချိုင့်မြို့နယ်မှာ နိုဝင်ဘာလ နောက်ဆုံးအပတ်ကနေစတင်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ KIA၊ PDF၊ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေက ကျေးရွာ ၁၀ ရွာကို မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေဟာ ရွှေချောင်း၊ ပဲခင်း၊ အင်းတိန်၊ အောင်သာကုန်း၊ ဘိုတဲကုန်း၊ ဆူးပုတ်ချောင်၊ အင်ကြင်းကုန်း၊ အလယ်တော၊ သခွပ်ချောင်နဲ့ လေသာရွာတွေဖြစ်ပါတယ်။
မီးရှို့မှုကြောင့် ကျေးရွာ ၁၀ ရွာက အိမ်ခြေပေါင်း ၅၀၀ အထက် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။