DVB Logo
Home
မြန်မာသတင်း
အလုပ်ခန့်သဘောတူစာချုပ် ချုပ်ရမည့်နေရာ ပြောင်းလဲမှုကြောင့် အချိန်ပိုကြန့်ကြာဟု အေဂျင်စီ များပြော
DVB
·
December 7, 2022
အလုပ်ခန့်သဘောတူစာချုပ် ချုပ်ရမည့်နေရာ ပြောင်းလဲမှုကြောင့် အချိန်ပိုကြန့်ကြာဟု အေဂျင်စီ များပြော
Donate to DVB

ပြည်ပထွက်ခွာမယ့် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရာမှာ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက သတ်မှတ်ပေးထားတဲ့ ဒေသတွေမှာသာ စာချုပ် ချုပ်ဆိုရမယ်လို့ ပြောင်းလဲလိုက်တဲ့အတွက် အရင်ထက် အချိန် ပိုကြန့်ကြာလာတယ်လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံကို MOU စနစ်နဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်စေလွှတ်ရာမှာ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာသာ ချုပ်ဆိုရမယ်လို့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ပြင်ဆင်ပြောင်းလဲလိုက်တဲ့အတွက် လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်ရာမှာ အရင်ကထက် အချိန်ပိုပေးပြီး ကြန့်ကြာလာတာလို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်တွေက ထောက်ပြ ပြောဆိုလိုက်တာပါ။

ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီပိုင်ရှင်တဦးက “အဓိက ကြုံနေရတဲ့ ပြဿနာက အလုပ်သမားတွေအတွက် စာရွက်စာတမ်းတွေ run ရတဲ့နေရာမှာ အချိန်ပိုကြန့်ကြာနေရတယ်။ ဌာနက (အလုပ်သမားညွှန်ကြားမှုဦးစီး) သတ်မှတ်ထားတဲ့အတိုင်း လုပ်ရတာဖြစ်လို့ အရင်ထက်စာရင်တော့ ခက်ခဲလာတာ အမှန်ပဲ။ ဘာတွေခက်ခဲလာလဲဆိုတော့ နယ်တကာသွားရတဲ့ အချိန်တွေ ရှိလာလို ကြန့်ကြာမှုတွေက ပိုများလာတယ်။ အရင်ကဆိုရင် အလုပ်သမားနဲ့ စာချုပ်ချုပ်တဲ့အခါ ဒီကနေ့ချုပ်ရင် မနက်ဖြန် ထွက်တယ်။ အခုတော့ ဒီကနေ့ စာချုပ်ချုပ်ရင် မနက်ဖြန် ထွက်မယ်ဆိုတာမျိုး မရှိတော့ဘူး။ ဘယ်နေရာမှာ ဘယ်မြို့နယ်မှာ ဘယ်နှခုထွက်မယ်ဆိုတာ စာချုပ်မှာပါတဲ့ လုပ်သားအရေအတွက်ပေါ်မှာ မူတည်ပြီး လိုက်လုပ်ရတာဖြစ်လို့ အချိန်ကြန့်ကြာမှုက ဘယ်လောက်ထိ ကြာမယ်ဆိုတာကို မပြောနိုင်ဘူး ဖြစ်နေရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက အသစ်ပြန်လည် ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ညွှန်ကြားချက်အရ အလုပ်သမားနဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတို့အကြား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရာမှာ မကွေးတိုင်းဒေသကြီးအတွင်း နေထိုင်သူတွေက မကွေးတိုင်းဒေသကြီးမှာ၊ ရခိုင်ပြည်နယ် အတွင်း နေထိုင်သူတွေက ရခိုင်ပြည်နယ်မှာ၊ ချင်းပြည်နယ်အတွင်း နေထိုင်သူတွေက မကွေးတိုင်း သို့မဟုတ် ရခိုင်ပြည်နယ်မှာ ချုပ်ဆိုနိုင်တယ်လို့ ခွင့်ပြုပေးထားပါတယ်။

ဒါပေမဲ့ ပြည်ပထွက်ခွာမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်ဆိုရာမှာ လက်ရှိ အမှန်တကယ်နေထိုင်တဲ့ နေရပ်လိပ်စာကို ဖော်ပြပေးရမှာဖြစ်လို့ အမှန်တကယ်နေထိုင်ကြောင်း အထောက်အထားကို တင်ပြနိုင်ရမယ်လို့ ကန့်သတ်ထားပါတယ်။

MOU စနစ်နဲ့ ထိုင်းနိုင်ငံဆီ အလုပ်သမားစေလွှတ်ပေးနေတဲ့ အေဂျင်စီတဦးက “တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်ပေါ့၊ သူ့ဒေသအတွင်းမှာ နေထိုင်တဲ့သူက သက်ဆိုင်ရာ သူ့ဒေသတွင်းမှာပဲ စာချုပ် ချုပ်ဆိုနိုင်တယ်ဆိုတော့ တခုလည်း ကောင်းတာပေါ့ဗျာ။ အလုပ်သမားတွေအနေနဲ့က ခရီးသွားလာရတဲ့စရိတ်တွေ သက်သာသွားတာပေါ့။ အေဂျင်စီတွေအတွက်ကတော့ ခရီးသွားလာရတဲ့စရိတ်၊ ဝန်ထမ်းတွေစရိတ်နဲ့ တခြားစရိတ်တွေပါရှိလို့ ဒီအချိန်မှာ တွက်ရခက်တဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ ဒါပေမဲ့ ခြွင်းချက်အနေနဲ့ တခုရှိတာက အလုပ်သမားတွေ အဆင်ပြေဖို့ဆိုတာထက် သူတို့ရဲ့ လုံခြုံရေးအတွက် ဒါကို လုပ်တာလားပေါ့နော်။ ဘာလို့လဲဆိုတော့ မကွေးတိုင်းဆိုရင်လည်း နယ်မြေစိုးမိုးမှုမရှိလို့ လုံခြုံရေးက စိတ်ချရတဲ့ အနေအထား မဟုတ်ဘူးလေ။ ကျနော့်အထင်ပြောတာပါ။ ဒါပေမဲ့ ဘာပဲပြောပြော အေဂျင်စီတွေကတော့ သက်ဆိုင်ရာဒေသတွေအထိ ဆင်းရတယ်ဆိုတော့ အလုပ်တော့ များသွားတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

အရင်ကတော့ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ပိုင်သင်တန်းကျောင်းတွေနဲ့ အလုပ်သမား လူတွေ့စစ်ဆေးဖို့ ဖွင့်လှစ်ထားရှိတဲ့ ရုံးခန်းတည်ရှိရာနေရာတွေမှာ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်ဆိုခွင့် ပြုထားတာဖြစ်ပါတယ်။

ကိုဗစ်ကြောင့် ထိုင်းနိုင်ငံဆီ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားစေလွှတ်မှုဟာ လပေါင်းများစွာ ရပ်တန့်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုနှစ်လယ်ပိုင်းကစပြီး MOU စနစ်နဲ့ တရားဝင် ပြန်လည်စေလွှတ်နေပြီ ဖြစ်တာကြောင့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၀,၀၀၀ ကျော် စေလွှတ်ထားပြီးဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013