DVB Logo
Home
မြန်မာသတင်း
YBS ယာဉ်များပေါ်တွင် ခါးပိုက်နှိုက်သည့်အဖွဲ့ကို ဖမ်းဆီးမိဟု စစ်ကောင်စီ ထုတ်ပြန်
DVB
·
December 7, 2022
YBS ယာဉ်များပေါ်တွင် ခါးပိုက်နှိုက်သည့်အဖွဲ့ကို ဖမ်းဆီးမိဟု စစ်ကောင်စီ ထုတ်ပြန်
Donate to DVB

ရန်ကုန်မြို့က YBS ယာဉ်တွေပေါ်မှာ ခါးပိုက်နှိုက်မှုတွေ ကျူးလွန်နေတဲ့ အဖွဲ့တဖွဲ့ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက် မနက် ၈ နာရီခွဲလောက်က ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ခါးပိုက်နှိုက် ၆ ယောက်ပါအဖွဲ့ကို ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမပေါ်ရှိ ခရေပင်လမ်းခွဲမီးပွိုင့်မှာ ယာဉ်အမှတ် YGN 3H-4879 တိုယိုတာ ပရိုဘောက် အဖြူရောင်တက္ကစီ အပါအဝင် ရွှေလက်စွပ် ၁ ကွင်း၊ ဖုန်း ၈ လုံး၊ ကျပ်ငွေ ၈၀,၀၀၀ တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့တာပါ။

ဒါပေမဲ့လည်း လက်တွေ့မှာတော့ လုယက်ခံရသူတွေ ရဲစခန်းသွားတိုင်ရင် အမှုမဖွင့်ပေးတာတွေ၊ လုယက်သူတွေကို စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွေက အရေးမယူဘဲ ပြန်လွှတ်ပေးနေတာတွေ ကြုံတွေ့နေရတယ်လို့ ရန်ကုန်မြို့က ဒေသခံတချို့က ပြောပါတယ်။

ဖုန်းလုယက်ခံရသူတဦးက “နိုဝင်ဘာလကုန်ခါနီးလောက်က သုနန္ဒာလမ်းဆုံမှာ ညနေ ၄ နာရီလောက်ပဲ ညီမကောင်လေး ဖုန်းအလုခံလိုက်ရတယ်။ အဲ့ညနေပဲ ခေမာသီလမ်းက ရဲစခန်းသွားတိုင်တာ သူတို့က ဖုန်း IMEI code ပြောခိုင်းတယ်။ ဆိုင်ဘောက်ချာတောင်းတယ်။ မရှိတော့ဘူးလို့ ပြောတော့ တိုင်သူနာမည်ပဲ မေးတယ်၊ အမှုတော့ မဖွင့်ပေးဘူး။ အခုထိလည်း မိလား၊ မမိလား အကြောင်းမပြန်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီ ဖမ်းဆီးရမိသူတွေက YBS ယာဉ်တွေပေါ်မှာ ခါးပိုက်နှိုက်ပြီးပါက အဆိုပါတက္ကစီနဲ့ ထွက်ပြေးတိမ်း‌ရှောင်ကြတယ်လို့ သိရပြီး လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်မှာ နေထိုင်ကြသူတွေလို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ရန်ကုန်မြို့က ရှေ့နေတဦးက “သူတို့ဘာသာ သူတို့ နာမည်ရချင်လို့ ဟန်ဆောင်ဖမ်းပြီး သူတို့လူတွေနဲ့ပဲ တည်ကျက်လုပ်တယ်ဆိုရင်တော့ မပြောတတ်ဘူးပေါ့ဗျာ။ ‌လူအစားထည့်ပြီးတော့ ဇာတ်လမ်းတခုထွင်သလို လုပ်ရင်တော့ မပြောတတ်ဘူးပေါ့။ တကယ့်လူတွေ ထိထိမိမိ ဖမ်းတယ်ဆိုရင် အနည်းဆုံးတော့ ထောင်ဒဏ် ၃ နှစ်ချရမှာ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်အတွင်း ခိုးဆိုးလုနှိုက်မှုတွေ ရန်ကုန်မှာ သိသိသာသာ ပေါများလာတာကို တွေ့ရပြီး လုယက်သူတွေကို ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီး ရဲစခန်းအပ်‌ပေမဲ့ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေရဲ့ အရေးယူမှုတွေ ထိထိရောက်ရောက် မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။

ရန်ကုန်မြို့ရှိ ရဲစခန်းတခုနဲ့ နီးစပ်သူတဦးက “စခန်းက လုံးဝ မဖမ်းတာတော့ မဟုတ်ပါဘူး။ ဖမ်းတယ်၊ ပြီးရင် နည်းနည်းပါးပါးဆုံးမပြီး ပြန်လွှတ်လိုက်တာ။ တရားရုံးလည်း အသစ်ဆောက်တုန်းလေ။ အမှုကြီးသမားတွေပဲ အထဲမှာထားတာ။ အမှုပေါ်လို့ ဖုန်းဆက်ခေါ်ရင်တောင် အပိုင်နယ်ထိန်းနဲ့ တာဝန်ကျတဲ့သူ ၅ ယောက်တစု လက်နက်နဲ့သွားဖို့ ညွှန်ကြားထားတာ” လို့ နိုဝင်ဘာလထဲမှာ ပြောထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း ခါးပိုက်နှိုက်လုယက်သူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီဘက်က သတင်းတွေ ထုတ်ပြန်ခဲ့ပေမဲ့ လက်ရှိအချိန်အထိ ရန်ကုန်မြို့က YBS ခရီးသည်တွေနဲ့ မြို့နေ ပြည်သူတွေကတော့ ခိုးဆိုးလုနှိုက်မှု အန္တရာယ်တွေ ကြုံနေရ‌သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013