DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ကို NUG က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ
DVB
·
December 7, 2022
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ကို NUG က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ
1 / 2
Donate to DVB

အကြမ်းဖက်စစ်အုပ်စုက ဦးဆောင်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်ပါတယ်။

ဒီဇင်ဘာ ၆ ရက် ရက်စွဲနဲ့ အဆိုပါထုတ်ပြန်ချက်မှာတော့ NUG အစိုးရ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့အနေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) နဲ့ ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ဒီအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်တယ်လို့ ဖော်ပြထားပြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စု သက်ဆိုးရှည်စေဖို့ စီးပွားရေးလုပ်ငန်းပေါင်းစုံကို လက်ဝါးကြီးအုပ် ချယ်လှယ်ကာ နှစ်စဉ် ဘဏ္ဍာရန်ပုံငွေများစွာ ရှာဖွေထောက်ပံ့နေတာကို စိစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဆိုပါ ဘဏ္ဍာရန်ပုံငွေတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အရာရှိကြီးတွေအတွက်သာ အကျိုးစီးပွားဖြစ်ထွန်းနေပြီး အောက်ခြေ အကြပ်၊ စစ်သည်တွေကတော့ ခံစားခွင့်မရှိသလောက် နည်းပါးနေတာကိုလည်း အမြတ်ခွဲဝေမှုဆိုင်ရာ အထောက်အထား၊ စာရွက်စာတမ်းတွေအရ သိရှိရတယ်လို့ NUG အစိုးရက ပြောပါတယ်။

ဒါ့အပြင် အဆိုပါအကျိုးအမြတ်တွေကို အသုံးပြုပြီးတော့ အကြမ်းဖက်စစ်အုပ်စုဟာ နေ့စဉ်နဲ့အမျှ နိုင်ငံတဝန်းက အပြစ်မဲ့ပြည်သူတွေအပေါ် လူမဆန်စွာ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတာကြောင့် အဲဒီအကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဃ) အရ အကြမ်းဖက်အုပ်စုပိုင် ပစ္စည်းတွေအဖြစ် သတ်မှတ်ပြီးတော့ အများပြည်သူ အကျိုးစီးပွားအလို့ငှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဌ) နဲ့အညီ ထိန်းချုပ်စီမံခန့်ခွဲသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပုဒ်မ ၃(ဃ) အကြမ်းဖက်အုပ်စုပိုင်ပစ္စည်းတွေ ဆိုတာကတော့ အကြမ်းဖက်မှု ကျူးလွန်ရာကနေ ရရှိတဲ့ အကျိုးအမြတ်တွေ၊ အကြမ်းဖက်မှုတရပ်ကို ကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ သို့မဟုတ် အကျိုးပြုနေတဲ့ သို့မဟုတ် အသုံးပြုလိမ့်မယ်လို့ ယူဆရတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေ၊ အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုတခုက အသုံးပြုခဲ့တဲ့ သို့မဟုတ် အသုံးပြုနေတဲ့ သို့မဟုတ် အသုံးပြုလိမ့်မယ်လို့ ယူဆရတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေ၊ အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုတခု သို့မဟုတ် အဆိုပါအုပ်စုရဲ့ ကိုယ်စား အခြားသူတဦးဦးက ပိုင်ဆိုင်ထားတဲ့ သို့မဟုတ် ထိန်းချုပ်ထားတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေ၊ အကြမ်းဖက်အုပ်စုတခုကို ထောက်ပံ့ဖို့ သို့မဟုတ် အကြမ်းဖက်မှုတခုကို ရန်ပုံငွေထောက်ပံ့ဖို့ ရည်ရွယ်ချက်နဲ့ စုဆောင်းခဲ့တဲ့ ငွေကြေးနဲ့ ပစ္စည်းတွေနဲ့ အဆိုပါငွေကြေးနဲ့ ပစ္စည်းတွေကနေ ဆင့်ပွားဆင်းသက်လာတဲ့ ငွေကြေးနဲ့ အကျိုးအမြတ်တွေကို ဆိုလိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားပြီး အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပင်မရင်းမြစ်ကြီးဖြစ်ပြီး နိုင်ငံခြားဝင်ငွေ အများဆုံးရရှိတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် စစ်အုပ်စုကို ငွေကြေးအထောက်အပံ့ပေးနေတဲ့ Total၊ Chevron အပါအဝင် နိုင်ငံတကာကုမ္ပဏီကြီးတွေကို အရေးယူ ပိတ်ဆို့နိုင်ရေးအတွက် တောင်းဆိုတဲ့ ကမ်ပိန်းမှာ ပြည်သူလူထုတရပ်လုံး ပါဝင်နိုင်ဖို့ Blood Money သွေးစွန်းငွေအဖွဲ့ကလည်း တိုက်တွန်းမှုတွေ လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013