DVB Logo
Home
မြန်မာသတင်း
ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KNLA တိုက်ခိုက်ပြီး စခန်းတခု သိမ်းပိုက်
DVB
·
December 7, 2022
ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KNLA တိုက်ခိုက်ပြီး စခန်းတခု သိမ်းပိုက်
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) က တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်လို့ တပ်မဟာ ၅၊ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ဒီဗွီဘီကို ပြောပါတယ်။

မနေ့ ဒီဇင်ဘာ ၆ ရက် မနက်အစောပိုင်းက ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းတွေဖြစ်တဲ့ သီးရိုထ (ခေါ်) ညာတဂိုးကျိုး၊ လယ်တိုးနဲ့ ခေါ်ပုတ်စခန်းတွေကို ကေအန်ယူ တပ်မဟာ ၅ လက်အောက်ခံ KNLA တပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာမှာ စခန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

“စခန်း ၃ ခုတက်တာ၊ တခုကိုတော့ တက်သိမ်းနိုင်တယ်လို့ သတင်းအတိအကျ ရပါတယ်။  တက်သိမ်းနိုင်တဲ့စခန်းက သီးရိုထ ခေါ် ညာတဂိုးကျိုး ဖြစ်တယ်။ နှစ်ဖက်ထိခိုက် သေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ ကျနော် စာရင်းမရသေးဘူး။”

ဒါပေမဲ့ ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေများပြီး KNLA ဘက်က ၃ ဦး ထိခိုက်ခဲ့တယ်လို့ သိရပေမဲ့ အသေးစိတ်အချက်အလက်ကို မရသေးကြောင်း ပြောပါတယ်။

စစ်ကောင်စီရဲ့စခန်းတွေကို တိုက်ခိုက်ပြီး နေ့ခင်းပိုင်းမှာ‌တော့ အဆိုပါကျေးရွာအနီးနားမှာ စစ်ကောင်စီရဲ့ လေယာဉ်ပျံဝဲမှုနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့ပေမဲ့ ဒေသခံတွေ ထိခိုက်မှုရှိမရှိ မသိရသေးပါတယ်။

ဒါပေမဲ့ ဒီနေ့မနက် ၅ နာရီလောက်မှာတော့ တပ်မဟာ ၅ ရဲ့ဌာနချုပ် ဒေဘူးနိုနဲ့ အနီးတဝိုက်ကိုတော့ စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အတွက် ဒေသခံ ပြည်သူတွေရဲ့ နေအိမ်၊ စပါးကျီတွေ ပျက်စီးဆုံးရှုံးမှု ရှိခဲ့တယ်လို့ ဗိုလ်မှူးကြီးကလယ်ဒိုက ပြောပါတယ်။

“ဒီမနက်က စခန်းတွေ ဘာတွေ တက်တာမရှိဘူး။ ဒါပေမဲ့ ဒီမနက် ၅ နာရီလောက်မှာ ဒေဘူးနိုဒေသတဝိုက်က ထွီမီပယ်ခိုရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ အဲမှာ ဒေသခံ စပါးကျီ ၂ လုံး ပျက်စီးသွားတယ်။ ရွာသူရွာသားတွေကတော့ ရွာထဲမှာမနေဘဲ တောတောင်ထဲ သွားရောက်အိပ်ခဲ့လို့ ထိခိုက်မှုတော့ မရှိဘူး။ နောက်တစီးကကျတော့ ဒေဘူးနိုဘေးနားက ရော်ဘာခြံမှာ ပစ်တဲ့အတွက် ပျက်စီးမှုတွေရှိပေမဲ့ လူကိုတော့ ထိခိုက်တာမျိုးမရှိဘူး။”

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကေအန်ယူ တပ်မဟာ ၅ အုပ်ချုပ်နယ်မြေ မူတြော်ခရိုင်မှာ တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၁၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၆၉ ဦး သေဆုံးကာ ၅၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ကရင်ကျေးရွာတွေအတွင်းကို နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် အပြစ်မဲ့ အရပ်သားပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်နေရသလို လုပ်ငန်းခွင်ဝင်ရောက်ရာမှာ လက်နက်ကြီး ထိမှန်မှာကို စိုးရိမ်နေရတဲ့အတွက် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ကောင်စီဟာ တပ်မဟာ ၇ ကလွဲရင် ကျန်နယ်မြေတွေအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး လှုပ်ရှားနေတဲ့အပြင် ကျေးရွာတွေအတွင်းကို ဝင်ရောက်မီးရှို့တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ပေါ်တာအဖြစ်ခိုင်းစေတာ၊ လူသားဒိုင်းအဖြစ် အဓမ္မခေါ်ဆောင်တာ၊ လူအခွင့်အရေးအမျိုးမျိုး ချိုးဖောက်ကျူးလွန်နေတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013