Home
မြန်မာသတင်း
ထားဝယ်-ထီးခီးလမ်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေ
DVB
·
December 7, 2022
316956577_1175322366693625_2617511071604658445_n

တနင်္သာရီတိုင်း၊ ထားဝယ်အရှေ့တောဒေသ၊ ထားဝယ်-ထီးခီးကားလမ်းပိုင်းမှာ ဒီဇင်ဘာ ပထမပတ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲ ၂ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၅ ရက် မနက် ၉ နာရီလောက်က ထားဝယ်ကနေ အရှေ့တောဒေသကို ဝင်လာတဲ့ အင်အား ၃၀၀ ပါ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို မေတ္တာမြို့နယ် သရက်ငုတ်ရွာအနီးမှာ ကျားသစ်နက်အဖွဲ့နဲ့ ထားဝယ် ပ.က.ဖ က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ဦး သေဆုံးခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ထားပါတယ်။

အဲဒီကြားဖြတ်တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်နဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့ပြီး ထားဝယ် ပ.က.ဖ က ရဲဘော်တဦးလည်း သေနတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အခုဝင်လာတဲ့ စစ်ကြောင်းဟာ မေတ္တာမြို့နယ် ဖောင်းတောရေအားလျှပ်စစ်စီမံကိန်းအတွက် ကွင်းဆင်းလာတဲ့ စစ်ကောင်စီလူကြီးခရီးစဉ်ကို လုံခြုံရေးလာယူပေးတဲ့စစ်ကြောင်း ဖြစ်တယ်လို့ ပြောဆိုနေကြပေမဲ့ သီးခြားအတည်ပြုနိုင်တာမျိုးတော့ မရှိပါဘူး။

ဒီဇင်ဘာ ၁ ရက်ကလည်း ထီးခီးကနေ ထားဝယ်ကို ပြန်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ထီးခီးလမ်းပိုင်းမှာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာ ၂ ကြိမ်ခံရပြီး ထိတွေ့တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်သားတဦး သေဆုံးခဲ့ပါတယ်။

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးပြီး တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ထီးခီးလမ်းပိုင်းက ရွာတွေမှာနေတဲ့ ရွာသားတွေဟာ ရွာတွေမှာ မနေကြတော့ဘဲ နီးစပ်ရာ ဥယျာဉ်ခြံတွေမှာပဲ သွားရောက် ရွှေ့ပြောင်းနေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024