DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်တွင် စစ်တပ်က ရွာမီးရှို့၊ မြိုင်မြို့နယ်တွင် စစ်ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
December 7, 2022
ပေါက်မြို့နယ်တွင် စစ်တပ်က ရွာမီးရှို့၊ မြိုင်မြို့နယ်တွင် စစ်ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရ
1 / 2
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျားတိုက်ရွာကို ဒီဇင်ဘာ ၇ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစစ်ကြောင်းက ဝင်ရောက်ပြီး  မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျားတိုက်ကျေးရွာသားတဦးက “စစ်(...) စစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်လာတော့ အိမ်ခြေ ၈၀ ကျော်လောက်ရှိတဲ့ ကျနော်တို့ရွာက ပြည်သူတွေအားလုံး အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာ တောတောင်ထဲကို ထွက်ပြေးလာခဲ့ရတယ်။”လို့ ပြောပါတယ်။

မီးတောက်တွေ မီးခိုးတွေကိုတော့ ထွက်ပြေးရင်းနဲ့ အဝေးကနေ လှမ်းမြင်နေရပြီး အိမ်ခြေ ဘယ်လောက် မီးလောင်တယ် ဆိုတာကိုတော့ စစ်ကောင်စီတပ်တွေ ရွာထဲမှာ ရှိနေသေးလို့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ တောသူတောင်သားတွေမှာ နေအိမ်တအိမ်ဖြစ်မြောက်ဖို့ မိဘ ဘိုးဘွား အစဥ်အဆက်က တည်ဆောက်ခဲ့တဲ့ နေအိမ်တွေ ပါဝင်သလို နိုင်ငံရပ်ခြားမှာ ၁၀ နှစ်လောက် သွားရောက် အလုပ်လုပ်ကိုင်ပြီး တည်ဆောက်ခဲ့ကြရတာပါ။ စစ်(...)တွေဟာ ပြည်သူလူထုရဲ့ ချွေးနှဲစာနဲ့ ခက်ခက်ခဲခဲ တည်ဆောက်ထားတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အတွက် သူတို့မိသားစုတွေ ဝဋ်မလည်ပါစေနဲ့လို့ ဆုတောင်းတယ်။”

ပေါက်မြို့နယ် ​မြောက်ပိုင်းမှာလည်း နိုဝင်ဘာ ၁၉ ရက်ကနေ ဒီဇင်ဘာ ၁ ရက်နေ့အထိ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့လို့ ကျေးရွာ ၅ ရွာက အိမ်ခြေ ၈၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး ပြည်သူ ၁၀,၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကာ လူသားချင်း စာနာမှုအကူအညီတွေ လိုအပ်နေပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းက စစ်ကောင်စီကားတစီးကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

ပခုက္ကူမြို့ကနေ မြိုင် စက်မှု-၂ ကို ပြန်လာတဲ့ စစ်ကားတစီးကို တွင်းမ ပျူစခန်းနဲ့ သရက်ကန် ပျူစခန်းကြားမှာ ရှေ့ထွက်မိုင်း ၈ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ကျဆုံးမှု အခြေအနေကို မသိရသေးဘူးလို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီ စစ်(...)တွေဘက်က ကြောက်အားလန့်အားနဲ့ ရမ်းသန်းပြီး ပြန်ပစ်ခတ်ပေမဲ့ ကျနော်တို့ဘက်က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

အဲဒီတိုက်ခိုက်မှုကို ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့နဲ့ မြေပြန့်ဒေသကာကွယ်ရေးတပ်ဖွဲ့ (MRDF) တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဗိုလ်လက်ယာက ပြောပါတယ်။

ပခုက္ကူမြို့နယ်မှာလည်း ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းက ပြည်သူတွေပိုင်ဆိုင်တဲ့ ယာခင်းတွေမှာ အဓမ္မ ဝင်ရောက်ထွန်ယက်နေတဲ့ ပျူစောထီးတွေကို မြိုင် ပ.က.ဖ က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့  သိရပါတယ်။

အခုတိုက်ခိုက်ခံရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013