ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသားပြည်သူတွေနဲ့ အတူ တသားတည်းရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ဒီဇင်ဘာ ၇ ရက်မှာ အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့ (IWU) က ဆန္ဒပြခဲ့ကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်က ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး နဲ့ ကိုခန့်လင်းမောင်မောင် တို့ကို သေဒဏ်ချမှတ်ခဲ့တာပါ။
ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအဝင် ဒီမိုကရေစီအရေးအတွက်လှုပ်ရှားရင်း သေဒဏ်ချမှတ်ခံရတဲ့ ကျောင်းသားပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်ရင်း စစ်ကောင်စီရဲ့ အဓမ္မသေဒဏ်ချမှတ်နေမှု၊ စီရင်နေမှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့ (IWU) က ပြောပါတယ်။
သေဒဏ်ချမှတ်တာ၊ စီရင်တာတွေဟာ လူ့အခွင့်ရေးစံနှုန်းအရ ဘယ်လိုမှ မကိုက်ညီသလို လူငယ်လူရွယ်ကျောင်းသားတွေကို စစ်အုပ်စုက အဓမ္မသေဒဏ်ချမှတ်နေတာဟာ သူတို့ကိုဆန့်ကျင်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို အလုံးစုံပျက်သုဉ်းတဲ့အထိ လက်စားချေမယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ ဖက်ဆစ်သရုပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကျောင်းသားပြည်သူတွေအနေနဲ့လည်း စစ်အုပ်စုရဲ့လုပ်ရပ်ကို ခြွင်းချက်မရှိဆန့်ကျင်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသားပြည်သူတွေနဲ့ တသားတည်းရပ်တည်ပေးကြဖို့ IWU က တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရသူ ၁၃၀ ကျော်ရှိတဲ့ထဲက ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက စီရင်ကွပ်မျက်ခဲ့ပြီး ဖြစ်ပါတယ်။