DVB Logo
Home
မြန်မာသတင်း
၁၀၅ မိုင်နှင့် ကျင်းစန်းကျော့တွင် တရုတ်ဘက်ပို့မည့် မြန်မာကုန်ကားများ ရာချီစောင့်ဆိုင်းနေရ
DVB
·
December 7, 2022
၁၀၅ မိုင်နှင့် ကျင်းစန်းကျော့တွင် တရုတ်ဘက်ပို့မည့် မြန်မာကုန်ကားများ ရာချီစောင့်ဆိုင်းနေရ
Donate to DVB

မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေးတံခါးပေါက်ဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်နယ်စပ်၊ ၁၀၅ မိုင်နဲ့ ကျင်းစန်းကျော့မှာ တရုတ်ဘက်တင်ပို့မယ့် မြန်မာ ကုန်ခြောက်ကားတွေ ရာချီ စောင့်ဆိုင်းနေရတယ်လို့ နယ်စပ်ကုန်သည်တွေနဲ့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။

“ပြောင်းကား၊ နှမ်းကားတွေ အားလုံး ကုန်ခြောက်ကား‌ေတွ၊ ၁၀၅ မိုင်နဲ့ ဆဲဗင်းဟွာကျင့်၊ ရွှေလွယ်အင် ပေါင်းရင် အစီးရေ ၈၀၀၊ ၁,၀၀၀ လောက် ရှိပါတယ်ခင်ဗျ” လို့ ကုန်သည်တဦးက ပြောပါတယ်။

အခုရက်ပိုင်းမှာတော့ နေ့တိုင်း export ကား ၁၀၀ ဝန်းကျင် တရုတ်ဘက်ဝင်နေပေမဲ့ သွင်းကုန်တစီး၊ ပို့ကုန်တစီးစနစ် ဖြစ်နေတာကြောင့် ကြန့်ကြာနေတာလို့ ဆိုပါတယ်။

ကုန်တင်ယာဉ်မောင်းတဦးက “ပိတ်မိတယ်ဆိုတာ ဟိုဘက်က ချိန်းကားက မရောက်၊ ဒီဘက်က ကုန်သည်တွေက ပြောင်းတင်ထားတဲ့ ကားတွေကို အောက်ဆင်းဖို့ လွှတ်၊ အောက်မှာရောက်တော့ ခါလီကားက မရဘူးဆိုရင် ပုံနေပြီ‌ကွာ။ တကယ်ချိန်းမယ့် ကားတွေကျ အခက်အခဲ ဖြစ်သွားပြီ‌လေ။ နေရာမရှိဘူး၊ အဲလိုတွေ ဖြစ်ကုန်တာ။ တချို့ကားက အောက်မှာ ချိန်းကားမရှိဘဲ ခေါ်တော့ အောက်မှာ ဆုံကြတော့ ပိတ်ကုန်ပြီလေ” လို့ ပြောပါတယ်။

တရုတ်ဘက်ထဲဝင်မယ့် မြန်မာကုန်တင်ကားတွေရှိသလို မြန်ဘက်ခြမ်း တရုတ်နယ်စပ် ဝင်ပေါက်မှာ ကားချင်းချိန်းပြောင်းမယ့် မြန်မာကုန်ကားတွေလည်းရှိကာ စီနီယာအလိုက် ဝင်ရတာလို့ သူက ရှင်းပြပါတယ်။

“ခုနောက်ပိုင်း ဂိုဒေါင်ချမရဘူး။ ကားကွင်းထဲပဲ ကုန်ချိန်းရတာ။”

ကိုယ်ချိန်းမယ့် တရုတ်ကားနဲ့ ကိုယ့်ကားနဲ့ အတူတူကျမှ၊ အလုပ်သမားကလည်း အဆင်သင့်ရှိနေမှ အဆင်ပြေတာဖြစ်ပြီး လက်ရှိမှာတော့ ချိန်းကားမရောက်သေးတာနဲ့ တချို့ကလည်း တရုတ်ကားက ရောက်၊ မြန်မာကားက မရောက်သေးတာတို့၊ မြန်မာကားက ရောက် တရုတ်ကားက မလာသေးတာတွေကြောင့် တယောက်စောင့်၊ တယောက်‌စောင့်နဲ့ ကြန့်ကြာနေတာလို့ ဆိုပါတယ်။

လက်ရှိ ၁၀၅ မိုင်မှာ စောင့်ဆိုင်းနေတဲ့ ကုန်တင်ယာဉ်မောင်းတဦးက “၁ ရက်နေ့က ကားတွေတောင် မကုန်သေးဘူးတဲ့။ အခု ဂျူတီရရင်တောင်မှ ဂျူတီထပ်ခွင့် မပေးသေးဘူး။ ၃ ရက်နေ့ ကားတောင်မှ ဂျူတီထပ်ခွင့် မပေးသေးဘူး။ အဲလိုပြောနေတယ်။ ကျနော်တို့ ခြံကားတွေက ၂ ရက်နေ့ ရောက်တာလေ။ အခုထိ မထွက်ရသေးဘူး” လို့ ပြောပါတယ်။

ယာဉ်တွေ ကြန့်ကြာမှုမဖြစ်အောင် မနှစ်က ကြံသီးသန့်တင်ပို့တဲ့ A1 တရုတ်ဘက် ဝင်ပေါက်ကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့က ဖွင့်လိုက်ပြီး ကြံအပါအဝင် အသီး၊ ဂဏန်း၊ ငရှဉ့် စတဲ့ ကုန်စိမ်းတွေကို အဲဒီက‌နေ သွားခွင့်ပြုမှာဖြစ်ပြီး ပုံမှန် အဝင်အထွက် ဂိတ်ပေါက်ကနေ ကုန်ခြောက်သီးသန့် လုပ်ထားတယ်လို့ နယ်စပ် သစ်သီးပို့ကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ကုန်ခြောက်ပေါက်က သီးသန့်ဖြစ်သွားတာပေါ့။ ကုန်ခြောက်ပေါက်ကနေ သီးသန့် ဝင်တယ်နော်။ မဝင်ခိုင်းလို့ မဟုတ်ပါဘူး ခင်ဗျား။”

ကျင်းစန်းကျော့ - ဝမ်တိန် နှစ်နိုင်ငံကုန်သွယ်ရာ ဂိတ်ပေါက်ကနေတော့ မြန်မာ့ လယ်ယာထွက်ကုန်၊ သစ်သီးထွက်ကုန်၊ ပင်လယ်ထွက်ကုန်တွေကို တရုတ်ဘက် အဓိက တင်ပို့ပြီး တရုတ်ဘက်ကနေ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းတွေ အပါအဝင် ကုန်မျိုးစုံကို တင်သွင်းနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013