Home
မြန်မာသတင်း
ကရင်နီဒေသတွင် စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးများ အသုံးပြုတိုက်ခိုက်နေ
DVB
·
December 7, 2022

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ နိုဝင်ဘာလကုန်ပိုင်းကစပြီး တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပြီး အခုရက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးတွေ အသုံးပြုပြီး အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် ဒေါပေါကူး၊ သေးဆူလဲ၊ ကုန်းသာ အစရှိတဲ့ကျေးရွာတွေမှာ အခုရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး အတွဲလိုက်ဒုံးတွေ ပစ်ခတ်နေတာလို့  KNDF တာဝန်ရှိသူတဦးက ပြောပါတယ်။

“တခါကျတယ်ဆိုလို့ရှိရင် ၁၀ လုံး၊ ၁၂ အဲလိုမျိုးပေါ့နော်။ အရင်တုန်းကလို တလုံးပဲ ပစ်လာတာ မဟုတ်ဘူး။ အခုက ညတွေ မနက်တွေမှာ ပစ်တဲ့ဟာက တခါကျလို့ရှိရင် အလုံး ဆယ်နဲ့ ချီပြီးကျတာပေါ့နော်။ အရင်ကလို တလုံးပစ်လိုက်၊ တလုံး ကျလိုက် မဟုတ်ဘူး။ တခါပစ်ရင်  ဆယ်လုံးကျော်လောက် ကျနေတာ။”

ဒေသခံ တဦးကလည်း ဒီးမော့ဆိုမြို့နယ် သေးဆူလဲ၊ ဒေါကလော်မီး၊ ပူဖား စတဲ့ ကျေးရွာနားမှာလည်း  ည ၉ နာရီခွဲလောက်နဲ့  မနက်ပိုင်းတွေမှာ ပစ်ခတ်နေတယ်လို့ ပြောပါတယ်။ 

“အခု တိုက်ပွဲဖြစ်တဲ့နေရာတဝိုက် သေးဆိုလဲ၊ ဒေါကမီး၊ ပူဖား၊ ရွာသား အသေအပျောက်တော့ မကြားရသေးဘူး။ ရွာသား အများစုက ကြိုရှောင်ကြတယ်လေ။” 

ဒါ့အပြင် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာတဲ့အတွက် လွိုင်ကော်မြို့နယ်  ပါလောင်း၊ ဒေါတယို့၊ ဒေါစဲ စတဲ့ကျေးရွာတွေက နေအိမ်အများအပြား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ပါလောင်းကျေးရွာအပါအဝင် အနီးအနားကျေးရွာက ဒေသခံတွေဟာလည်း လက်ရှိမှာ နီးစပ်ရာ ကျေးရွာနဲ့ တောတောင်တွေထဲ စစ်ဘေးရှောင်နေကြရပါတယ်။

ဒီလို တိုက်ပွဲဖြစ်ပွားချိန်အတွင်း ဖြတ်သန်းသွားလာတဲ့ ဒေသခံတွေကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးနေပြီး လက်ရှိမှာ ဒေသခံ ၅ ဦးလောက်လည်း ပျောက်ဆုံးနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။

“တယောက်က နန်းမယ်ခုံအဝင်နားလေးမှာ ဖြစ်သွားတယ်။ နောက်တယောက်ကျတော့ ပါလောင်းမှာ ဖြစ်တယ်။ ဒီနိုဝင်ဘာလ လကုန်လောက်မှာ ဖြစ်သွားတာ။ သူတို့အလောင်းကို ပြန်တွေ့တာက ဒီလထဲမှာ ပြန်တွေ့တာပေါ့နော်။ လက်ရှိအချိန် ၅ ဦး ပျောက်ဆုံးနေတယ်။ တော်တော်များများ ဖမ်းဆီးခံရပြီတော့မှ အချက်အလက်ရှာလို့မရတော့ဘဲ ပျောက်သွားတဲ့အခြေအနေ ရှိတယ်။”

လက်ရှိ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲ-နန်းမယ်ခုံကျေးရွာဘက်မှာလည်း နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အယောက်  ၂၀ ထက်မနည်း သေဆုံး၊ သုံ့ပန်း ၄ ဦးနဲ့ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024