စစ်အာဏာရှင်လက်ထက် ရန်ကုန်မှာ ဒီရက်ပိုင်း လျှပ်စစ်မီးပြတ်တာ ပိုမိုဆိုးဝါးလာပြီး တချို့မြို့နယ်လျှပ်စစ်ရုံးတွေကတော့ မီးပြတ်မယ့်အချိန်တွေကို ကြေညာပေးထားတာ တွေ့ရပါတယ်။
ဗဟန်းမြို့နယ်မှာ ဒီဇင်ဘာ ၅ ရက်ကစပြီး မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီအထိနဲ့ နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီအထိတို့မှာ အုပ်စုတစုစီကို အလှည့်ကျ ဝန်အားလျှော့ မီးဖြတ်မယ်လို့ မြို့နယ် လျှပ်စစ်ရုံးက ကြေညာထားပါတယ်။
ပန်းဘဲတန်းလျှပ်စစ်ရုံးကလည်း ဒီဇင်ဘာ ၂ ရက်ကစပြီး မနက် ၁၀ နာရီကနေ မွန်းတည့် ၁၂ နာရီနဲ့ မွန်းတည့် ၁၂ နာရီကနေ မွန်းလွဲ ၂ နာရီအတွင်း အုပ်စုတစုစီကို အလှည့်ကျမီးဖြတ်မယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့ခံ တယောက်က “မီးလာတဲ့အချိန်မှာလည်း ပြတ်ချင်ပြတ်နေတာပဲ။ ဒါပေမဲ့ ပြတ်မယ်ဆိုတဲ့ အချိန်မှာတော့ ပြတ်ကိုပြတ်တယ်။ တချို့ရပ်ကွက်တွေမှာတော့ သိပ်မပြတ်တာမျိုးလည်း ရှိတယ်” လို့ ပြောပါတယ်။
မရမ်းကုန်းမြို့နယ်မှာလည်း အုပ်စု ၂ စု ခွဲထားပြီး မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီအထိနဲ့ နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီအထိတို့မှာ အုပ်စုတစုစီကို အလှည့်ကျမီးဖြတ်မယ်လို့ အချိန်၊ အုပ်စုအလိုက် ဒီဇင်ဘာ တလလုံးစာဇယားတခုကို လျှပ်စစ်ရုံးက ထုတ်ပြန်ထားပါတယ်။
သန်လျင်မြို့ခံတယောက်က “ဒီရက်ပိုင်းတွေမှာတော့ နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီအထိပြတ်မယ်။ ပြီးတော့ မီးပြန်လာပြီး နာရီဝက်လောက်နေရင် ပြန်ပြတ်သွားရော။ ညဘက်လည်း ထပ်ပြတ်တယ်။ အခုမှ အချိန်ကိုမှန်းလို့ရသွားတာ။ ဒါပေမဲ့ ပြတ်ချင်သလိုပြတ်နေတာလို့ပဲ ပြောရမယ်” လို့ ဆိုပါတယ်။
မိုးရာသီအကုန်မှာ မီးပြတ်တာဟာ ပုံမှန်လိုဖြစ်နေပြီး ကြေညာထားတဲ့ အချိန်တွေအပြင် တခြားလျှပ်စစ်ဖြန့်ဖြူးရေးဆိုင်ရာ ပြင်ဆင်စစ်ဆေးတဲ့ အချိန်တွေမှာလည်း ရှောင်တခင် မီးပြတ်လေ့ရှိပါသေးတယ်။