Home
မြန်မာသတင်း
ကော့ကရိတ်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီး ဘ.က ကျောင်းပေါ် ကျ၊ ၂ ဦးဒဏ်ရာရ
DVB
·
December 7, 2022
318478030_1228583884668549_5240296678463715290_n
Myawaddy Kawt Ka Yeik Road

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မောင်းမရွာသစ်ကျေးရွာ ဘ.ကစာသင်ကျောင်းပေါ် ဒီဇင်ဘာ ၆ ရက် မွန်းတည့် ၁၂ နာရီကျော်လောက်က  စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကျောင်းဆရာမတဦးနဲ့ ကျောင်းသားတဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီရဲ့ခလရ ၉၇ တပ်တွင်းကနေ  မောင်းမကျေးရွာအတွင်းကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တဲ့အတွက် ဘ-က စာသင်ကျောင်းက ကျောင်းဆရာမ မျက်နှာနဲ့ လက်တွေမှာ ထိမှန်ခဲ့ပြီး ၇ နှစ်အရွယ် ကျောင်းသားကတော့ ဘယ်ဘက်လက်မောင်း (စိုးရိမ်ရ) ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဒေသခံရွာသားတဦးက "ကော့ကရိတ်တပ်ကနေပြီး လက်နက်ကြီးနဲ့ပစ်တာ ဟုတ်တယ်။ ၃ လုံးပစ်တာ၊ ၂ လုံးက ကျောင်းအနီးမှာကျတယ်။ ၁ လုံးက စာသင်ကျောင်းအမိုးပေါ် တည့်တည့်ကျရောက်တာ။ တော်သေးတယ်။ ကလေးတွေ အိမ်ပြန်ထမင်းစားချိန်ဖြစ်နေလို့ပေါ့။ နောက်မဟုတ်ရင် ကလေးတွေအများကြီးထိမှာ” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက် မနက် ၁၀ နာရီလောက်ကလည်း ကော့ကရိတ်အခြေစိုက် စစ်ကောင်စီအမြောက်တပ်က ကော့ကရိတ်မြို့နယ် တောင်ကြားအင်းကျေးရွာအုပ်စု ကျွန်းတောကျေးရွာကို လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူ၊ နေအိမ်၊ အိမ်မွေးတိရစ္ဆာန်နဲ့ မော်တော်ယာဉ်တွေ ထိမှန်ခဲ့ပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ကစတင်ပြီး ကေအန်ယူ တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်- မြ၀တီ(အာရှလမ်း)တောနောရေတံခွန်အနီးမှာ စစ်ကောင်စီရဲ့ ပူးပေါင်းတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာက အောက်တိုဘာ ၂၁ ရက်မှာ ထပ်မံပြီး မြို့တွင်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ကော့ကရိတ်မြို့ အနီးဝန်းကျင်ကို လူအင်အားတိုးပြီး စစ်ကြောင်ထိုးစစ်ရေးလှုပ်ရှားတဲ့အတွက် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးတိုင်း စစ်ကောင်စီက ဒေသခံကျေးရွာတွေအတွင်းကို လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ ဆက်တိုက်လုပ်ဆောင်လာတဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024