DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်မြို့နယ်၌ စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် နေအိမ်များထိမှန်၊ ရွာသားများ ထွက်ပြေး
DVB
·
December 7, 2022
ကော့ကရိတ်မြို့နယ်၌ စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် နေအိမ်များထိမှန်၊ ရွာသားများ ထွက်ပြေး
1 / 4
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ကြားအင်းကျေးရွာအုပ်စု ကျွန်းတောကျေးရွာကို  ဒီဇင်ဘာ ၃  ရက် မနက် ၁၀ နာရီလောက်က ကော့ကရိတ်အခြေစိုက် စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရွာသားတွေ ထွက်ပြေးနေရတယ်လို့  ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ထုတ်ပြန်ပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် ရွာသားပိုင်  နွားမတကောင် ပွဲချင်းပြီးသေဆုံးပြီး နွားထီး နှစ်ကောင် ထိမှန်ဒဏ်ရာရရှိခဲ့သလို လူနေအိမ် ၂ လုံး၊ HONDA Fit ကားတစ်စီး ခေါင်မိုးနဲ့ ကားနောက်ပိုင်း ထိမှန်ပျက်စီးခဲ့ပါတယ်။

တောင်ကြာအင်းကျေးရွာဒေသခံတစ်ဦးက “စစ်တပ်က နေ့တိုင်းလိုလို လက်နက်ကြီးနဲ့ပစ်နေတာ။ ရွာမှာတော့ လူတွေမနေရဲလို့ ပြေးနေရတယ်။ တချို့ကတော့ အိမ်နဲ့တိရစ္ဆာန်တွေကို ပြန်ကြည့်တာတွေ ရှိတယ်။ ပြန်ကြည့်လို့ စစ်တပ်နဲ့တွေ့ရင် အဖမ်းခံရနိုင်သလို အသတ်ပါခံရနိုင်တယ်။ မကြည့်ရင်လည်း စစ်တပ်ကကောင်တွေက ထဘီတောင် မချန်ဘူး အကုန်ခိုးတာ”လို့ ပြောပါတယ်။

စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်နေတဲ့အတွက် တောင်ကြာအင်းကျေးရွာအုပ်စုနဲ့ လောင်းကိုင်ကျေးရွာအုပ်စုအတွင်းက ဒေသခံပြည်သူတွေဟာ နီးစပ်ရာ ဆွေမျိုးတွေရှိရာ ဘားအံ၊ ကျုံဒိုး၊ လှိုင်းဘွဲမြို့တွေနဲ့ ဘေးလွတ်ရာ‌ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂ ရက်က  ကော့ကရိတ်အမြောက်တပ်ကနေလက်နက်ကြီး ၁၂၀ မမ (၄) လုံး ပစ်ခတ်ခဲ့တဲ့အတွက် တီးဖားတုရဲ့ နေအိမ်ပျက်စီးပြီး မောင်အေးဇော် (၂၆ နှစ်)ဟာ  ဦးခေါင်း (စိုးရိမ်)ဒဏ်ရာရှိသလို နေအိမ်ပါ ထိမှန်ပျက်စီးခဲ့ပါတယ်။

ထပ်မံပြီးလက်နက်ကြီး ၁၂၀ မမ နှစ်လုံး ဘော်ဒိုင်းကျေးရွာအတွင်းကို ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြန်ပါတယ်။

အဲဒီနေ့ ညသန်းခေါင်ယံအချိန်လောက်က စစ်ကောင်စီရဲ့  ရေကျော်ကြီးအောက် တပ်သစ်စခန်းကနေ ၁၀၅ မမ (ဟောင်ဝပ်ဇာ) လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဖားကျကျေးရွာဒေသခံ ‌ဒေါ်မြင့်မြင့်ကြည်ရဲ့ နှစ်ထပ်တိုက်ရဲ့ အိမ်အနောက်ခြမ်း ထိမှန်ပျက်စီးခဲ့သလို ထီးဝါးခို့ပိုင်း ဦးတင်လှိုင်ရဲ့ တိုက်ခံပျဥ်ထောင်အိမ် အနောက်ခြမ်း အိမ်တွင်းခန်း ခေါင်မိုးနဲ့ ထရံတွေ ထိမှန်ခဲ့တဲ့အတွက် ပေါက်ပြဲပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၁ ရက်က စစ်ကောင်စီအမြောက်တပ်ကနေ ဘော်ဒိုင်းကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့အတွက် လူနေအိမ် ၈ လုံး၊ နွား ၄ ကောင်၊ စပါးခြွေလှေ့စက်နဲ့ ကား တစ်စီးထိခိုက်ပျက်စီးခဲ့သလို ည ၁၂  နာရီလောက်မှာ ထပ်မံပြီး ၁၅၀ မမနဲ့ ဖားကျကျေးရွာအတွင်းကို ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာအတွင်း လက်နက်ကြီး ၄ လုံး ကျ‌ရောက်ပေါက်ကွဲခဲ့တယ်လို့  ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

ကော့ကရိတ်မြို့နယ်၊ တောင်ကြားအင်း-ကြာအင်းဆိပ်ကြီးသွား ကားလမ်းတလျှောက် စစ်ကောင်စီတပ်တွေဟာ အင်အားတိုးလှုပ်ရှားနေတဲ့အပြင် လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုကြောင့် တောင်ကြားအင်း၊ လောင်းကိုင်ကျေးရွာအုပ်စုအတွင်းက ဒေသခံ ပြည်သူ ၅၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013