ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး အပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ကျခံရသူတွေနဲ့ အတူရပ်တည်ကြောင်း နီပေါကျောင်းသားသမဂ္ဂရဲ့ ကျောင်းသားတွေက ထုတ်ဖော် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာစစ်အုပ်စုရဲ့ ကျောင်းသားတွေအပေါ် သေဒဏ်ချမှတ်မှုကို ဆန့်ကျင်ကြောင်း နီပေါနိုင်ငံ မြန်မာသံရုံးရှေ့မှာ ဒီဇင်ဘာ ၅ ရက်က ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။
နီပေါရဲတပ်ဖွဲ့က အဲဒီ ဆန္ဒပြကျောင်းသားတွေကို ဖမ်းဆီးခဲ့တာတွေ ရှိခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဖော်ပြထားပြီး ကျောင်းသားတွေ ဖမ်းဆီးခံရတာ ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဗဟိုအလုပ်အမှုဆောင် ကိုရဲညီထက်က “အခု ဒီလိုမျိုး ပြတ်ပြတ်ပြတ်သားသားပဲ ငါတို့ဟာ ဒီမိုကရေစီကိုပဲ လက်ခံကြောင်း၊ ဖက်ဆစ်ကို လက်မခံကြောင်း အခုက သက်သေပြလိုက်တာပါပဲ။ အခုလို ကျနော်တို့နဲ့အတူ ရပ်တည်ပေးတဲ့ နီပေါကျောင်းသားတွေကိုလည်း ကျေးဇူးအထူးတင်တယ်” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို စစ်ကောင်စီက ပုဒ်မအမျိုးမျိုးနဲ့ အမိန့်ချမှတ်တာတွေ လုပ်ခဲ့တဲ့အပြင် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်တွေလည်း ချမှတ်နေပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်မှာ သေဒဏ်ပေးပြီးတဲ့နောက် စစ်ကောင်စီရဲ့လုပ်ရပ်ကို ခြွင်းချက်မရှိ ဆန့်ကျင်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသားပြည်သူတွေနဲ့ တသားတည်းရပ်တည်ကြောင်း ပြသတဲ့ လှုပ်ရှားမှုတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်တဲ့ စာရင်းတွေအရ သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၃၀ ကျော် ရှိနေပါတယ်။
သေဒဏ်ချခံရသူတွေထဲက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ကြိုးပေးကွပ်မျက်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။