Home
မြန်မာသတင်း
ဒီပဲယင်းနှင့် ကန့်ဘလူတွင် ရွာသားများကို စစ်တပ်က ဖမ်းဆီးပြီး ရွာမီးရှို့၊ ပုလဲမြို့နယ်၌ တိုက်ပွဲပြင်းထန်
DVB
·
December 6, 2022
Pint Thar village fired by SAC on November 13
Pint Thar villagers War victims
Kant Ba Lu
Ma Ra Kan village
Na Myar village

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ နများကျေးရွာကို စစ်တပ်က ဒီဇင်ဘာ ၆ ရက် မနက်မှာ ဝင်ရောက်ပြီး ရွာသား ၃၀ ကို ဖမ်းဆီးကာ ရွာကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ မနေ့ ဒီဇင်ဘာ ၅ ရက်က ဒီပဲယင်းမြို့နယ် ကုန်းကြီးရွာကို မီးရှို့ခဲ့တဲ့စစ်တပ် ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီပဲယင်းဒေသခံတယောက်က “ကျနော်တို့မြို့နယ်အတွင်းမှာ‌ စစ်ကောင်စီက စစ်ကြောင်း နှစ်ကြောင်းနဲ့ နယ်လှည့်ပြီး ရွာတွေကို မီးပတ်ရှို့နေတာ။ ပထမတကြောင်းက မရကန်ရွာကနေ ဒီနေ့ တိုင်နတ်ရွာဘက်ကတဆင့် အင်ပင်ကျေးရွာကို စတင်ဝင်ရောက်နေပြီဗျ။ နောက်တကြောင်းက နများရွာကို ဝင်နေတယ်ဗျ။ အရပ်သား ၃၀ ကျော် ဖမ်းထားတယ်ဗျ။ ရွာကိုတော့ မနက်ခင်း ၁၀ နာရီကနေ စတင်မီးရှို့နေတယ်။ စရှို့တာက ရွာတောင်ခြမ်းက အိမ်တွေကို စရှို့နေတာ။ ရွာထဲက နေရာ ၅ နေရာကနေ မီးခိုးတွေ တက်နေတာ အဝေးကြီးကနေ လှမ်းမြင်နေရတယ်။ ရွာသားတွေကိုတော့ ဘာမှမလုပ်ပါနဲ့ဘဲ ဆုတောင်းနေရတယ်” လို့ ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်တွေက ဒီပဲယင်းမြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၄ ရက်ကစပြီး စစ်ကြောင်းနှစ်ကြောင်းခွဲ နေ့စဉ် ထိုးစစ်ဆင်‌နေတာကြောင့် ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေရပါတယ်။

ဒါ့အပြင် ညောင်လှရွာ၊ ကံကုန်းရွာ၊ ယဥ်ကျေးရွာ၊ မူးရိုးကုန်းရွာ၊ ဘန့်ဘွေးရွာ၊ ကုန်းကြီးရွာ စတဲ့‌ကျေးရွာတွေကို ဝင်ရောက်ပြီး  ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းပါမကျန် မီးရှို့ဖျက်ဆီးသွားတယ်လို့  ဒီပဲယင်းဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မရကန်ကျေးရွာရှိ ရွာလည်ဘုန်းတော်ကြီးကျောင်းတိုက်က ကျန်းမာရေးမကောင်းတဲ့ ဦးပဥ္စင်း ဦးနန္ဒောဘာသကိုလည်း စစ်ကောင်စီတပ်က ဒီဇင်ဘာ ၆ ရက် မနက်က လူဝတ်လဲပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မရကန်ရွာ ဘုန်းကြီးကျောင်းက ဦးပဥ္စင်းတပါးကို သူတို့ စစ်ကောင်စီလမ်းကြောင်း မက်ဆေ့ချ်တွေ့လို့ဆိုပြီး ခါးပန်းစည်းကြိုး​ဖြုတ် လူဝတ်လဲပြီး ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ သင်္ကန်းဝတ် ဦးပဥ္စင်းတပါးကို အခုလို ပြုမူခေါ်ဆောင်သွားတာဟာ လုံးဝမလုပ်သင့်ပါဘူး။ အခုအချိန်မှာ သူတို့ ရက်စက်ယုတ်မာ ရိုင်းစိုင်းတာတွေကို ကြောက်တာကြောင့် ဘယ်သူမဆို သူတို့လမ်းကြောကို လေ့လာစုံစမ်း ကြည့်ရှောင်နေကြရတာပါ။ လုံးဝကန့်ကွက်ပါတယ်။”

စစ်ကောင်စီက သူတို့စစ်ကြောင်းနဲ့အတူ ၁၃ နှစ်အရွယ် ကလေးငယ်နှစ်ယောက် အပါအဝင် ရွာသားတချို့ကို လူသားဒိုင်းဖြစ် မတရားဖမ်းဆီး ခေါ်ဆောင်သွားပြီး ရွာလည်ကျောင်းတိုက်က ကိုရင်ပေါကြီးကို ဖမ်းဆီးခေါ်ဆောင်သွားရာကနေ ပြန်လွှတ်ပေးတယ်လို့ သိရပေမဲ့ အခုထိတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတဦးက ဆိုပါတယ်။

“ဒီပဲယင်းအရှေ့ခြမ်းက ပြည်သူတွေကို အခုချက်ချင်း ပြန်လွှတ်ပေးဖို့ ပြောချင်ပါတယ်” လို့ ဒေသခံ အမျိုးသားတဦးက ပြောဆိုခဲ့ပါတယ်။

ဒီပဲယင်းမြို့နယ်မှာ ၄ ရက်ဆက်တိုက်  ရွာတွေမီးရှို့ခံနေရပြီး ရေဦးတိုင်းရင်းဆေးရုံထဲက စစ်ကောင်စီတပ်ဖွဲ့တွေက ကြာဖူးအဝိုင်းကနေ တောင်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။

ရေဦးမြို့နယ် တောင်ဘက်အခြမ်းနဲ့ ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ပြည်သူတွေ အထူးဂရုစိုက် နေထိုင်သွားလာကြဖို့ ဒေသတွင်း တော်လှန်ရေးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက အသိပေး ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပင့်သာကျေးရွာမှာလည်း  ဒီဇင်ဘာ ၅ ရက် မနက် ၇ နာရီခွဲက စစ်တပ်က ရွာနေအိမ်တွေကို မီးရှို့သွားတယ်လို့ သိရပြီး မိုင်းထောင်သွားမှာကို စိုးရိမ်ကြတဲ့ အတွက် ဒေသခံများမှာ ရွာထဲကို ပြန်မဝင်ရဲသေးဘူးလို့  အဲဒီရွာသားတွေက ပြောပါတယ်။ 

အဲဒီစစ်ကြောင်း စီးနင်းဝင်ရောက်မီးရှို့တာကြောင့် ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

ဒေသခံ တဦးက “အရင်ရက်က ချောင်းကြားရွာမှာ မီးရှို့ခဲ့တဲ့ ခမရ- ၃၆၉ က အခု ပင့်သာရွာကို မီးရှို့ သွားတာပါ။ ဒါနဲ့ဆို ၃ ကြိမ်ရှိပြီ။ သူတို့ ပြန်ထွက်သွားပေမဲ့ ဒေသခံတွေက ရွာထဲ မဝင်ရဲကြသေးဘူး။ မိုင်းထောင်သွားမှာကို စိုးရိမ်ကြတာ။ မီးခိုးသာမြင်ရတယ်၊ ဘယ်နှအိမ် မီးလောင်လည်း မသိရသေးဘူး” လို့ ဆိုပါ‌တယ်။

စစ်တပ်က ပင့်သာကျေးရွာက နေအိမ်တွေကို ဩဂုတ် ၁၇ ရက်က တကြိမ်၊ နိုဝင်ဘာ ၁၃ ရက်က တကြိမ် မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာမှာတော့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူပေါင်း ၁၀ ဖွဲ့တို့ ဒီဇင်ဘာ ၆ ရက် ဒီနေ့မနက် ၄ နာရီကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အခုတိုက်ပွဲဖြစ်တဲ့ အင်မထီးရွာဟာ ပျူစောထီးတွေ အားကောင်းတဲ့ ရွာတရွာဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူက “ဒီကောင်တွေက ရိက္ခာပြတ်ရင် အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို လာပြီး ပစ္စည်းလုလုနေတယ်။ နောက်ပြီး ပြည်သူတွေရဲ့ စိုက်ခင်းတွေက သီးနှံတွေကိုလည်း အနိုင်ကျင့် ရိတ်သိမ်းယူတာတွေ လုပ်တယ်ဗျ။ အဲလိုလုပ်တော့ မခံနိုင်လို့ အခုလို ပစ်ခတ်တိုက်ခိုက်ရတယ်။ တိုက်ပွဲကတော့ သူပစ် ကိုယ်ပစ်ပဲ။ အထိအခိုက် အကျအဆုံးကတော့ လတ်တလော မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး။ နှစ်ဖက် စစ်ရေးအခြေအနေကတော့ အခုထိ တင်းမာနေဆဲပဲဗျ” လို့ ပြောပါတယ်။

အင်မထီးကျေးရွာက ဒေသခံ စစ်တပ်ထောက်ခံသူတွေကို စစ်ကောင်စီက လက်နက်တွေ ထုတ်ပေးထားပြီး စစ်တပ်ပါ အစောင့်ချပေးထားတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024