
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နယ်မြေ ၆ ခုထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ လတာအတွင်း တိုက်ပွဲအကြိမ်ရေ ၂၉၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အယောက် ၃၃၀ ကျော်သေဆုံးကာ ၂၃၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
သထုံခရိုင် တပ်မဟာ ၁ အုပ်ချုပ်နယ်မြေထဲမှာတော့ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၃၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က ၄၄ ယောက်သေဆုံးကာ ၄၁ ယောက် ထိခိုက်ဒဏ် ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီ အသုံးပြုတဲ့ စစ်ကား ၁၁ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ပြီး နယ်ခြားစောင့်တပ် (BGF-1014) မှ တပ်သားတယောက် လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
တောင်ငူခရိုင် တပ်မဟာ ၂ အုပ်ချုပ်နယ်မြေထဲမှာတော့ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၁၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ ယောက်သေဆုံးခဲ့ကာ ၁၀ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကား ၃ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ညောင်လေးပင်ခရိုင် တပ်မဟာ ၃ အုပ်ချုပ်နယ်မြေထဲမှာတော့ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၃၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် အယောက် ၄၀ သေဆုံးခဲ့ကာ ၂၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာပါ။
ဒါ့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့က စစ်ကောင်စီ တပ်စခန်း ၃ ခုကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး စစ်ကား ၁ စီး ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဘိတ်−ထာဝယ်ခရိုင် တပ်မဟာ ၄ အုပ်ချုပ်နယ်မြေထဲမှာတော့ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၄၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က ၄၈ ယောက် သေဆုံးကာ ၂၆ ယောက် ထိ ခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် စစ်ကား ၆ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မူတြော်ခရိုင် တပ်မဟာ ၅ အုပ်ချုပ်နယ်မြေထဲမှာတော့ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၁၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၆၉ ယောက်သေဆုံးပြီး ၅၁ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ် ကား ၁ စီးနဲ့ စစ်ကောင်စီတပ်တွေ သီးသန့်အသုံးပြုတဲ့ ဖုန်းတာဝါတိုင် ၁ တိုင်ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒူးပလာယာခရိုင် တပ်မဟာ ၆ အုပ်ချုပ်နယ်မြေထဲမှာတော့ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က ၇၉ ယောက်သေဆုံးကာ အယောက် ၈၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာပါ။ ဒါ့အပြင် ရဲစခန်း ၂ ခုကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ရဲ ၄ ယောက်ကိုလည်း တိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရမိခဲ့တဲ့အပြင် တပ်သား ၂ ယောက် လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာခဲ့ကြတယ်လို့ ဆိုပါတယ်။
ကော်သူးလေအုပ်ချုပ်နယ်မြေမှာ စစ်ကောင်စီတပ်တွေ၊ နယ်ခြားစောင့်တပ် (BGF) တွေနဲ့ ဖြစ်ပွားတဲ့ နိုဝင်ဘာ တလတာတိုက်ပွဲတွေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ဘက်က အယောက် ၃၀ ကျဆုံးခဲ့ပြီး ၆၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြရာမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။