
စစ်ကိုင်းတိုင်း မုံရွာမြို့၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းက ရေဦးဆန်ဆိုင်ဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်လို့ ကလေးငယ် ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ ။
"မနက် ၁၀ နာရီခွဲလောက်က စစ်သားတွေနဲ့ ရဲတွေ အယောက် ၂၀ ကျော်လောက်ရှိတဲ့ ဂိတ်ကို လက်နက်ကိုင်အဖွဲ့တခုက ပစ်ခတ်တိုက်ခိုက်ခဲ့တာ။"
ဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခံရလို့ စစ်တပ်က ပြန်လည်ပစ်ခတ်ရာ ကလေးငယ် ၁ ယောက် သေဆုံးကာ ၁ ယောက် ဒဏ်ရာရသွားကာ အနီးနား ရပ်ကွက်ထဲက အမျိုးသား ၁ ယောက်ကို လည်း ဖမ်းသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကားတွေရောက်လာပြီး လမ်းပိတ်စစ်ဆေးကာ အနားရှိ ရပ်ကွက် အတွင်း ဝင်ရောက်ဆဲဆိုပြီး သေနတ်ပစ်ဖောက်သွားတယ်လို့ မျက်မြင်အမျိုးသား တဦးက ပြောပါတယ်။
ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက် သေဆုံးမှုအခြေအနေကို မသိရသေးသလို ဘယ်အဖွဲ့က လာရောက် ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာ မထုတ်ပြန်သေးပါဘူး။
ကလေးမြို့၊ ဒိုဝိုင်းချောင်းကျေးရွာအနီးမှာလည်း (Operation Mo Mo) ကလေးမြို့ပြ ပြောက်ကျား အဖွဲ့ဝင် ၂ ယောက်ကို စစ်တပ်က ဒီဇင်ဘာ ၅ ရက်မှာ ဖမ်းဆီးပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြောက်ကျား အဖွဲ့ဝင် ၂ ယောက်ကို 3S ဆီဆိုင်နဲ့ ဒိုးဝိုင်းချောင်းအဝင်ဆိုင်းဘုတ်ကြားမှာ စစ်တပ်က ဖမ်းဆီးပြီး ပစ်သတ်ခဲ့တာဖြစ်နိုင်တယ်လို့ ဒိုးဝိုင်းချောင်းရွာခံတဦးက ပြောပါတယ်။
"သူတို့နှစ်ယောက်ကို ဖမ်းသွားတာ မြင်တယ်။ နှစ်ယောက်လုံးကို လက်ပြန်ကြိုးတုတ်ပြီး ခြောက်ထောက်နဲ့ ကန်နေကြတာ။ ဘာသေနတ်သံမှ မကြားရဘူး။"
စစ်တပ်သတင်းတွေကို ရေသားတဲ့ တယ်လီဂရမ်ချန်နယ်မှာ PDF အဖွဲ့ဝင် ၂ ယောက်ကို ဆိုင်ကယ်ရပ်တန့်ခိုင်းရာမှာ ရပ်တန့်ခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဖြစ်စဉ်အတွင်း ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ PDF အလောင်း ၂ လောင်းနဲ့ ဆိုင်ကယ် ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
ကိုခုက်ပီး နဲ့ ကိုငဝိုင်းတို့ ဖမ်းဆီးသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ဒေသခံတော်လှန်ရေးသမား တွေက ဆိုရှယ်မီဒီယာဖေ့စ်ဘွတ်ခ်အကောင့်တွေနဲ့ ပေ့ခ်ျတွေမှာ အနက်ရောင် ပရိုဖိုင်းပုံတွေ ပြောင်းလဲထားကြပြီး Operation Mo Mo အဖွဲ့ကို ဒီဗွီဘီက အွန်းလိုင်းကနေရော တယ်လီဖုန်းကပါ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံ မဖြေကြားပါဘူး။